၂၀၁၅ ခုနှစ်အတွင်း ကြိုပွိုင့်ဆောက်လုပ်ရေးလုပ်ငန်းများအခြေမလှ ၂၀၁၆ ကာလလတ်အတွင်း စျေးဆက်လက်တည်ငြိမ်

၂၀၁၅ ခုနှစ်အတွင်း ကြိုပွိုင့်ဆောက်လုပ်ရေးလုပ်ငန်းများအခြေမလှ ၂၀၁၆ ကာလလတ်အတွင်း စျေးဆက်လက်တည်ငြိမ်

ရန်ကုန်၊ ဇွန် ၆ ။           ။ ၂၀၁၅ ခုနှစ်၊ နှစ်စအချိန်လောက်ကတည်းကနေ အရောင်းအဝယ်အေးစက်ခဲ့တဲ့ ရန်ကုန်အိမ်ခြံမြေဈေးကွက်က ဒီ ၂၀၁၆ ခုနှစ်ထဲမှာလည်း အထွေအထူး အပြောင်းအလဲတွေ ဖြစ်လာတယ်လို့ ပြောလို့မရသေးပါဘူး။ ဈေးကွက်အသိုင်းအဝန်းကို တီးမိခေါက်မိသလောက်တော့ အဆင်ပြေသလောက် ဈေးနဲ့ အလုပ်ဖြစ်ရုံ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။ တစ်ဘက်မှာလည်း ကြိုပွိုင့်တိုက်ခန်းတစ်ချို့ ရပ်ဆိုင်းခဲ့ရတဲ့အခြေအနေတွေလည်းရှိခဲ့ပါတယ်။ လောလောဆယ်တော့ အငှားဈေးကွက်ဖြစ်ထွန်းနေတဲ့ အခြေအနေပါ။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲအလွန်မှာတော့ ရန်ကုန်အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာမယ်လို့ အိမ်ခြံမြေအကျိုးဆောင်နဲ့ လုပ်ငန်းရှင်အများစုက ပြောဆိုကြပေမယ့် ၂၀၁၅ ခုနှစ် အစကနေ အရောင်းအဝယ်အေးစက်ခဲ့တဲ့ အိမ်ခြံမြေဈေးကွက်ကသိသာတဲ့အပြောင်းအလဲတွေ ဖြစ်မလာခဲ့ဘူးလို့ ရန်ကုန် တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းကပြောပါတယ်။

အဲဒီ့နှစ်မှာဆိုရင်ပဲ ကြိုပွိုင့်ကန်ထရိုက်လုပ်ငန်းတွေထဲမှာလည်း လုပ်ငန်းကျဆင်းခဲ့တာတွေဖြစ်ခဲ့ပြီးတစ်ချို့ဆိုရင် ဆက်အကောင်အထည်မဖော်နိုင်လို့ ရပ်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

"ကြိုပွိုင့်တိုက်ခန်းအများစုက၂၀၁၅ခုထဲမှာ ရပ်သွားတဲ့ပရောဂျက်တွေ တော်တော်များများရှိတာကို ကျွန်တော်တို့ တွေခဲ့တယ်။ အဲဒါမှာလည်းအဓိကအချက်တွေက ဘယ်လိုလဲဆိုတော့ ဒီဈေးကွက်အခြေအနေအေးနေတာပေါ့နော်။ ဈေးကွက်အခြေအနေအေးနေတော့ ကန်ထရိုက်လုပ်ငန်းရှင်တွေက ကြိုပွိုင်တိုက်ခန်းတွေအနေနဲ့ ရောင်းကြတယ်။ တချို့လုပ်ငန်းရှင်တွေဆိုရင် ကြိုပွိုင့်ဈေးကွက်ပျက်သွားတဲ့အတွက်ကြောင့် သူတို့မှာရှိတဲ့အခန်းတွေကိုထုတ်မရောင်းနိုင်ကြဘူး။ အဲအတွက်ကြောင့် ပိုက်ဆံတွေမဝင်ကြဘူး။" လို့ iMyanmarHouse.comက အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။

၂၀၁၅ ခုနှစ်ထဲမှာရပ်ဆိုင်းလိုက်ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းအနေနဲ့ ရာခိုင်နှုန်း ၂၀ နဲ့ ၃၀ ကြားမှာရှိတယ်လို့ ပြည်တွင်းအွန်လိုင်းအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း
iMyanmarHouse.com က ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူဦးကိုကိုထွေးက လက်ရှိဈေးကွက်အခြေအနေကို သုံးသပ်လိုက်တာပါ။ တစ်ဘက်မှာကလည်း ငွေကြေးအခက်အခဲကြောင့် ရှေ့ဆက်တိုးဖို့ မဝင့်မရဲဖြစ်နေတဲ့ အသေးစားဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း ပြန်လည်နာလန်ထူဖို့ ခက်ခဲနေတဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ့လိုပဲ ဝယ်လက်တွေအနေနဲ့လည်း ဈေးအမြင့်မှာရှိနေတဲ့ အိမ်ခန်းတွေကို ဝယ်ယူဖို့ လက်ရွှံ့နေတာမျိုးလည်းရှိနေပါတယ်။

"ဈေးကွက်မှာ ပြန်ပြီးတော့ တွက်ခြေကိုက်နိုင်တဲ့ အနေအထားကနေပြီးတော့ တဖြည်းဖြည်းနဲ့ ကိုယ်ပြန်ရောင်းရင် မြတ်နိုင်တဲ့ အနေအထားမရှိတော့တဲ့ အနေအထားမျိုးဖြစ်လာတာပေါ့၊ဒါကြောင့်မို့လို့လဲ့ ရပ်သွားတဲ့အခါမှာစတုရန်းတစ်ပေပတ်လည်ကိုကျပ် ၅ သိန်းလို့ ပြောတဲ့နေရာကနေအခု ၂ သိန်းပေးလည်း မဝယ်ဘူး။" လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးက ပြောပါတယ်။

အမှန်တကယ်ဖြစ်ပေါ်နေတဲ့ မြန်မာ့အိမ်ခြံမြေနဲ့ တိုက်ခန်းအရောင်းအဝယ်ဈေးကွက် အစစ်အမှန်နေထိုင်သူတွေအတွက် မှီခိုနေရတာမဟုတ်ဘဲရင်းနှီးမြှုပ်နှံသူတွေကြောင့် ဆယ်စုနှစ်အတော်ကြာအောင် ဈေးကွက်ဖြစ်ထွန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရသစ်အပြောင်းအလဲနဲ့ မူဝါဒအကူးအပြောင်းတွေရှိလာနိုင်တာဖြစ် တာကြောင့် ရင်းနှီးမြှုပ်နံှသူဈေးကွက်ကဆက်ပြီးငြိမ်နေသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်ကတော့ အငှားဈေးကွက် ဆက်တိုးတက်နေလိမ့်မယ်လို့ ပြောပြထားပါတယ်။

"ကျွန်တော်တိုဈေးကွက်ထဲမှာတော့ အရောင်းအဝယ်တွေ ပိုပြီးတော့ ဖြစ်ပါလိမ့်မယ်အငှားတွေ ပိုပြီးတော့ဖြစ်ပါလိမ်မယ်။ ဈေးနှုန်းအနေအထားနဲ့ ပြောမယ်ဆိုရင်တော့ ဈေးနှုန်းကတည်တည်ငြိမ်ငြိမ်ဆက်ရှိသွားမယ်။ ဈေးနှုန်းကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဘာဖြစ်လို့လဲဆိုအစိုးရသစ်ရဲ့ မူဝါဒပေါ်လစီတွေကအိမ်ခြံမြေဈေးနှုန်းတွေကို ပိုပြီးတော့ မတိုးမြင့်စေဘဲ ဈေးတွေကျသွားအောင် လုပ်မယ်လို့ မျှော်လင့်ထားလို့ ဖြစ်ပါတယ်။" ဟု ဦးစိုင်းခွန်နောင်က ပြောပါတယ်။

အခုလက်ရှိအချိန်မှာလည်း အစိုးရသစ်အနေနဲ့ လူတန်းလက်လှမ်းမှီမယ့် အရစ်ကျ အိမ်ရာစီမံကိန်းတော်တော်များများကို အမြန်ဆုံး အကောင်အထည်ဖော်သွားနိုင်ဖို့ မျှော်လင့်နေသလို ဘဏ်လုပ်ငန်းတွေကနေဆောက်လုပ်ရေးကဏ္ဍ အချက်ကျကျ ဖွံ့ဖြိုးနိုင်ဖို့ အားပေးကူညီနိုင်ဖို့ မူဝါဒနဲ့ လက်တွေ့လုပ်ဆောင်မှုတွေကိုစောင့်စားနေတဲ့ အချိန်လည်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly