အရှေ့တောင်အာရှမှာတောင်မတွေ့သေးဘူးလို့ပြောတဲ့ ဘောလုံးဂိမ်းတစ်ခုကို မြန်မာစျေးကွက်မှာ ဖြန့်ချိ

အရှေ့တောင်အာရှမှာတောင်မတွေ့သေးဘူးလို့ပြောတဲ့ ဘောလုံးဂိမ်းတစ်ခုကို မြန်မာစျေးကွက်မှာ ဖြန့်ချိ
(ဓာတ်ပုံ- Market Myanmar)

အခုတော့ မိုဘိုင်းဘောလုံးဂိမ်းတစ်ခုအကြောင်းကို ကြည့်ရအောင်ပါ။ ဒီဂိမ်းကိုတော့ Market Myanmar (မားကတ် မြန်မာ) က ဇွန်လ (၁၀)ရက်နေ့မှာ ကစားဖို့ရှိနေတဲ့ ဥရောပဖလားဘောလုံးပြိုင်ပွဲနဲ့ အချိန်မှီ ပြည်တွင်းဈေးကွက်ထဲမှာ ဖြန့်ချိလိုက်တာဖြစ်ပါတယ်။ ဒီဘောလုံးဂိမ်းအမည်ကိုတော့ Fantasy Football (ဖန်တက်စီဖွတ်ဘော) ဂိမ်းလို့ ထုတ်လုပ်တဲ့ မားကတ်မြန်မာကုမ္ပဏီက ပြောပါတယ်။ ဒီမားကတ်မြန်မာကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးထက်အောင်ဝေကတော့ ဒီဘောလုံးဂိမ်းကို မြန်မာနိုင်ငံမှာ ထိပ်တန်းမိုဘိုင်းဂိမ်းဖြစ်လာဖို့နဲ့ နောင်လာမယ့်နှစ်တွေမှာ ဒေသတွင်းနိုင်ငံတွေမှာ မိတ်ဆက်ဖြန့်ချိသွားဖို့လည်း မျှော်လင့်နေတယ်လို့ ပြောဆိုထားပါတယ်။

ဘောလုံးအသင်းမန်နေဂျာတစ်ယောက်လိုကစားရမယ့် ဒီဂိမ်းကတစ်ခြားမန်နေဂျာဂိမ်းတွေလိုမဟုတ်ဘဲ အပြင်မှာတကယ်ကစားနေတဲ့ တကယ့်ဘောလုံးပွဲနဲ့ တစ်ချိန်တည်းကစားရမှာဖြစ်ပြီး ဂိမ်းထဲမှာ
ကိုယ်အသုံးပြုတဲ့ ကစားသမားက အပြင်မှာကစားနေတဲ့ ကစားသမားရဲ့ စွမ်းဆောင်ရည်အတိုင်းအမှတ်ရမှာဖြစ်ပါတယ်။

"မြန်မာပြည်မှာကြည့်တယ်၊ မရှိဘူး၊ စင်ကာပူမှာ model လုပ်လို့ရမယ့်ဟာ ရှိလားကြည့်တော့ မရှိဘူး၊ ယိုးဒယား..အင်ဒိုနီးရှားလည်းလိုက်ကြည့်တယ်၊ မရှိသေးဘူး၊ အဲဒါနဲ့ အိုကေဆိုပြီး မြန်မာပြည်မှာလုပ်ကြည့်တာ။ ပြည်တွင်းမှာအကျိုးအမြတ်ရှိမယ်ထင်တာပေါ့" လို့ Market Myanmar ရဲ့ ဘဏ္ဍာရေးနှင့် နည်းဗျူဟာဒါရိုက်တာ အဲလက်စ်ခိုင်က မဇ္ဈိမကို ပြောပါတယ်။

တကယ့်ဘောလုံးပွဲနည်းတူယှဉ်ပြိုင်ကစားရမယ့် Fantasy King ဘောလုံးဂိမ်းကအရှေ့တောင်အာရှဈေးကွက်တွေမှာတောင် မရှိသေးတဲ့ ဂိမ်းဖြစ်တယ်လို့ မားကတ် မြန်မာကပြောပါတယ်။ မားကတ်မြန်မာအနေနဲ့ အခုဖြန့်ချီလိုက်တဲ့ ဘောလုံးဂိမ်းကို မြန်မာနိုင်ငံရဲ့ ထိပ်တန်းမိုဘိုင်းဂိမ်းဖြစ်လာဖို့မျှော်မှန်းထားပြီးဒေသတွင်းနိုင်ငံတွေမှာလည်း ဖြန့်ချီသွားဖို့အစီအစဉ်ရှိနေပါတယ်။

Market Myanmar ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးထက်အောင်ဝေကလည်း "နိုင်ငံတစ်ခုမှာ ဖြန့်ချီဖို့ဆိုတာက ကျွန်တော်တို့ Fantasy Concept အနေနဲ့ ဘောလုံးလည်းဖြစ်ချင်မှဖြစ်မယ်၊ ဥပမာဖီလစ်ပိုင်ဆိုရင် ဘောလုံးကိုသိပ်ပြီးတော့ စိတ်ဝင်စားတာမဟုတ်ဘူး၊ဒါပေမယ့် သူတို့မှာဘတ်စကတ်ဘောကို အရမ်းစိတ်ဝင်စားတယ်၊ ဆိုတော့ ကျွန်တော်တို့ရဲ့ Conceptကအတူတူပဲ..အားကစားကိုနောက်တစ်ခုပြောင်းလို့ရတယ်၊ ဒါတွေကတော့ ၃နှစ် ၄ နှစ်မှာ ဖြစ်ဖို့ရှိတဲ့ အစီအစဉ်တွေပေါ့၊ အခုက မြန်မာပြည်ကိုအာရုံစိုက်မယ်၊ ပြီးရင် အောင်မြင်အောင်လုပ်မယ်။" လို့ ဆိုပါတယ်။

ဒီFantasyဘောလုံးဂိမ်းက အခမဲ့ပြိုင်ပွဲမဟုတ်သလို လောင်းကစားဆန်တဲ့ ဂိမ်းလည်းမဟုတ်ပါဘူး။ ပြိုင်ပွဲအတွက် ဂိမ်းအကြွေစေ့လိုအပ်မှာဖြစ်ပြီး ဒီအတွက် မားကတ်မြန် မာကုမ္ပဏီရဲ့ စီးပွားဖက်ကုမ္ပဏီဖြစ်တဲ့ Rot Dot ကနေရောင်းချမှာဖြစ်ပါတယ်။ မားကတ်မြန်မာကုမ္ပဏီအနေနဲ့ ပြည်တွင်းမိုဘိုင်းဘဏ်လုပ်ငန်းတွေနဲ့ ချိတ်ဆက်ဖို့ရာမှာတော့ အခက်အခဲရှိနေတာကြောင့် ဂိမ်းအကြွေစေ့အတွက် Rot Dot နဲ့ ချိတ်ဆက်လုပ်ကိုင်ရတာဖြစ်တယ်လို့ သိရပါတယ်။

မားကတ်မြန်မာကထုတ်လုပ်ထားတဲ့ Fantasy King ဘောလုံးဂိမ်းကတော့ ဇွန်လ ၁၀ ရက်နေ့မှာစတင်ကစားမယ့် ဥရောပဖလားဘောလုံးပြိုင်ပွဲနဲ့အတူစတင်ကစားနိုင်ဖို့ ရှိနေပါတယ်။ နိုင်ငံရဲ့ITနည်းပညာနဲ့ ဂိမ်းဆော့ဝဲတီထွင်ဖန်တီးခြင်းတွေအတွက် တိုးတက်မှုခြေလှမ်းတစ်ချို့ကိုတွေ့မြင်လာနေရတယ်ဆိုပေမယ့် အင်တာနက်နဲ့ မိုဘိုင်းဘဏ်လုပ်ငန်း အခြေခံအဆောက်အဦး ကဏ္ဍတွေကလည်း ဖြည့်စွပ်လိုက်ပါနိုင်ဖို့ လိုအပ်ချက်များစွာနဲ့ ကျန်ရှိနေသေးတဲ့ အခြေအနေပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly