မောင်နှမမြို့တော်ချစ်ကြည်ရေးခရီးစဉ် နှီးနှောဖလှယ်ပွဲတက်ရန် တနင်္သာရီတိုင်းဝန်ကြီးချုပ် ထိုင်းနိုင်ငံသို့ ထွက်ခွာ

မောင်နှမမြို့တော်ချစ်ကြည်ရေးခရီးစဉ် နှီးနှောဖလှယ်ပွဲတက်ရန် တနင်္သာရီတိုင်းဝန်ကြီးချုပ် ထိုင်းနိုင်ငံသို့ ထွက်ခွာ
တနင်္သာရီတိုင်းဝန်ကြီးချုပ် ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်သို့ နှီးနှောဖလှယ်ပွဲတက်ရန်ထွက်ခွာစဉ်။ (ဓာတ်ပုံ - ဇော်နီ)

မြိတ်၊ ဇွန် - ၆ ။             ။ မောင်နှမမြို့တော် ချစ်ကြည်ရေးနှီးနှောဖလှယ်ပွဲကို တက်ရောက်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နှင့် မြိတ်ခရိုင်တာဝန်ရှိသူများသည် ဇွန် ၆ ရက် နံနက် ၁၀ နာရီခန့်၌ မြိတ်မြို့မှ ထိုင်းနိုင်ငံ ပရာကျွတ်မြို့သို့ စတင်ထွက်ခွာသွားသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး အခန်းကဏ္ဍများကို အစိုးရပိုင်းဆိုင်ရာအနေဖြင့် ဆွေးနွေးမည့်အခြေအနေများလည်း ပါဝင်သည်ဟု မောင်နှမမြို့တော်ဖြစ်မြောက်ရေး ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က မဇ္ဈိမသို့ပြောကြားသည်။

"ဒီနှီးနှောဖလှယ်ပွဲမှာ ချစ်ကြည်ရေးအပြင် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိပါတယ်"ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မေ ၃၀ ရက်ကလည်း ထိုင်းနိုင်ငံ ပရာကျွတ်မြို့သို့ မြိတ်ခရိုင် ကုန်သည် နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ လေ့လာရေးခရီး ထွက်ခွာခဲ့သေးသည်။ ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင် အနေဖြင့်လည်း မြိတ်ခရိုင်သို့ ၂၀၁၅ ခုနှစ်အတွင်း ချစ်ကြည်ရေးလေ့လာမှုခရီး နှစ်ကြိမ်ပြုလုပ်ထားပြီးဖြစ်ကြောင်း မြိတ်ခရိုင် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ပြောဆိုချက်အရသိရသည်။

မေလ ၃၀ ရက်က လေ့လာရေးယာဉ်တန်းအနေဖြင့် ထွက်ခွာသွားခဲ့သည့် မြိတ်ခရိုင်၏ ခရီးစဉ်သည် ဇွန်လ ၁ ရက် ညနေပိုင်းတွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီးမှ ယခုခရီးစဉ်၌ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နှင့် မြိတ်ခရိုင်တာဝန်ရှိသူများ ထပ်မံ၍ သွားရောက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly