ယူ-၂၀ကွင်းလယ်ကစားသမားငြိမ်းချမ်းအောင် ဒူးဒဏ်ရာကြောင့် ရှစ်လခန့်အနားယူရတော့မည်

ယူ-၂၀ကွင်းလယ်ကစားသမားငြိမ်းချမ်းအောင် ဒူးဒဏ်ရာကြောင့် ရှစ်လခန့်အနားယူရတော့မည်
ထိုင်းနိုင်ငံတွင်ဒဏ်ရာကုသမှုခံယူနေသည့် ငြိမ်းချမ်းအောင်။

ဇူလိုင် ၆၊ ရန်ကုန်။ ။ မြန်မာယူ-၂၀အသင်းကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်သည် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီရခဲ့သော ဒူးဒဏ်ရာကြောင့် ဘောလုံးလောကမှ ရှစ်လခန့်အနားယူရတော့မည်ဖြစ်သည်။

ငြိမ်းချမ်းအောင်၏ဒူးဒဏ်ရာမှာ ကမ္ဘာ့ဖလားအကြိုပြင်ဆင်မှုအဖြစ်ကစားခဲ့သော ဟန်ဂေရီယူ-၂၀အသင်းနှင့် ပွဲတွင်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရသည်။ လက်ရှိအချိန်တွင် ငြိမ်းချမ်းအောင်ဒဏ်ရာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ခွဲစိတ်ကုသမှုခံယူနေသည်။

“ငြိမ်းချမ်းအောင်ဒဏ်ရာကို ဥက္ကဋ္ဌအစီအစဉ်နဲ့ ထိုင်းမှာခွဲစိတ်ကုသမှုခံယူနေပါတယ်။ ခွဲစိတ်မှုအောင်မြင်မယ်ဆိုရင်တောင် ရှစ်လလောက်နားရမယ်လို့ ကနဦးဆေးစစ်ချက်အရသိရပါတယ်။ ကုန်ကျစရိတ်အားလုံးကို ဥက္ကဋ္ဌက ပံ့ပိုးပေးတာပါ”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုးကျော်ကပြောသည်။

ရန်ကုန်ယူနိုက်တက်ကစားသမား ငြိမ်းချမ်းအောင်မှာ ဒဏ်ရာကြောင့်ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ နှင့်လည်းလွဲချော်မည်ဖြစ်သည်။ မနောမြေလူငယ်အသင်းမှ ပေါ်ထွက်လာသော ငြိမ်းချမ်းအောင်မှာ မြန်မာယူ-၂၀အသင်းကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရန်ဖြတ်သန်းခဲ့သည့် အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ယင်းပြိုင်ပွဲပြီးနောက် မနောမြေ မှ ရန်ကုန်သို့ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly