ဂျပန်နိုင်ငံတွင် တာဝန်ချထားသော ရေတပ်သားအားလုံးကို အမေရိကန်စစ်တပ်က အရက်သောက်ခွင့် ပိတ်ပင်

ဂျပန်နိုင်ငံတွင် တာဝန်ချထားသော ရေတပ်သားအားလုံးကို အမေရိကန်စစ်တပ်က အရက်သောက်ခွင့် ပိတ်ပင်

ဇွန် ၆ ။           ။ ဂျပန်နိုင်ငံတွင် တပ်စခန်းချထားသော အမေရိကန် စစ်အခြေစိုက်စခန်းမှ ရေတပ်သားများအားလုံး ဇွန်လ ၆ ရက်က အရက်သောက်ခွင့် ပိတ်ပင်ခံလိုက်ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခင်ရက်ပိုင်းက အိုကီနာဝါကျွန်းရှိ အမေရိကန်တပ်စခန်းမှ တပ်သားတစ်ဦး အရက်မူးပြီးကားမောင်းခဲ့ခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ကာ လူနှစ်ဦးဒဏ်ရာရရှိစေခဲ့သည်။ ယင်းဖြစ်စဉ်နောက်ပိုင်း ယခုကဲ့သို့ အဆိုပါ နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင် ၁၈,၆၀၀ စလုံး အရက်သောက်ခွင့် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်သည်။

" ဆယ်စုနှစ်တော်တော်များများကတည်းက ဂျပန်ပြည်သူတွေနဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအကြား ရင်းနှီးချစ်ခင်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပါတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ကြောင့် ဖြစ်တဲ့ ကိစ္စရပ်တစ်ခုကြောင့် အမေရိကန်-ဂျပန်မဟာမိတ်ဆက်ဆံရေးကို မထိခိုက်စေချင်ဘူးဆိုတာကို အမေရိကန် ရေတပ်သားတိုင်း သဘောပေါက်နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်" ဟု အမေရိကန်ရေတပ်မှ ဗိုလ်ချုပ်ကြီး မက်သရူး ကာတာက ပြောကြားသွားသည်။

အမေရိကန်အစိုးရသည် ဂျပန်နိုင်ငံတွင် ယင်း၏ ရေတပ်မှ တပ်ဖွဲ့ဝင်ပေါင်း ၁၈,၆၀၀ ကို တပ်ချထားခဲ့သည်။ အလားတူ အမေရိကန်စစ်တပ်အတွက် လုပ်ကိုင်ပေးသူ ကန်နိုင်ငံသားတစ်ဦး ဂျပန်အမျိုးသမီးတစ်ဦးအား သတ်ဖြတ်စွန့်ပစ်မှု ဖြစ်စဉ်နောက်ပိုင်း အိုကီနာဝါကျွန်းရှိ စစ်အခြေစိုက်စခန်းတွင် တစ်လကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် အမေရိကန်စစ်တပ်က ကျင်းပပေးခဲ့သည်။

အဆိုပါ ဂျပန် မိန်းကလေး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရသည့်ဖြစ်စဉ်ကြောင့် ဂျပန်ပြည်သူများအကြား ဒေါသအမုန်းတရားများ ပွားခဲ့ပြီး ကျွန်းပေါ်၌ စစ်အခြေစိုက်စခန်း ဆက်ရှိနေမှုအပေါ်တွင်လည်း ကန့်ကွက်ဝေဖန်မှုများ ရှိလာနေခဲ့ချိန်တွင် ယခုကဲ့သို့ နှစ်ဘက်ဆက်ဆံရေး ထိခိုက်နိုင်မည့်အခြေအနေများ ထပ်မံမပေါ်ပေါက်လာရန် အမေရိကန်တို့ဘက်က ကြိုးပမ်းလုပ်ဆောင်နေခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly