တောင်ကိုရီးယားသမ္မတ ကတော်ဟောင်းနောက်လ တွင်မြောက်ကိုရီးယားသို့ သွားရောက်မည်

တောင်ကိုရီးယားသမ္မတ ကတော်ဟောင်းနောက်လ တွင်မြောက်ကိုရီးယားသို့ သွားရောက်မည်

ဆိုးလ်၊ ဇူလိုင် ၆ ။  ။ ကွယ်လွန်သူတောင်ကိုရီးယားသမ္မတ ကင်ဒေးဂျုံ၏ ဇနီးဖြစ်သူသည် နောက်လထဲတွင် မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဖွယ်ရှိသည်ဟု ကင်ဒေးဂျုံ၏ဖောင်ဒေး ရှင်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအရာရှိများနှင့် ညိနှိုင်းပြီးနောက် အသက် ၉၃ နှစ်အရွယ်ရှိ လီဟီးဟို၏ လေးရက်ကြာခရီးစဉ်၏ ရက်စွဲများနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိထားပြီဖြစ်ကြောင်း ဆိုးလ်ရှိ ကင်ဒေးဂျုံငြိမ်းချမ်းရေးစင်တာက ပြောကြားခဲ့သည်။

လီသည် မြောက်ကိုရီးယားသို့ သုံးခေါက်ရောက်ဖူးပြီး နောက်ဆုံးအခေါက်မှာ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလက မြောက်ကိုရီးယားခေါင်းဆောင်ဟောင်းကင်ဂျုံအီလ်ကွယ်လွန်ပြီးနောက် အရိုအသေပေးရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။ သူမသည် မြောက်ကိုရီးယားနှင့် စေ့စပ်ညိနှိုင်းမှုပြုလုပ်သည့် နေရောင်ခြည်ပေါ်လစီကို ဖော်ဆောင်ခဲ့သည့် တောင်ကိုရီးယားသမ္မတဟောင်းကင်ဒေးဂျုံ၏ မုဆိုးမဖြစ်ပြီး ယင်းပေါ်လစီကြောင့် ၂၀၀၀ပြည့်နှစ်က မြောက်ကိုရီးယားသမ္မတနှင့် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့သည်။

လီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်တွေ့မတွေ့ ချက်ခြင်းမ သိရသေးပေ။ သူမသည် ကင်ဂျုံအွန်၏ဖခင် ကွယ်လွန်သည့် သုံးနှစ်မြောက်အထိမ်းအမှတ်အတွက် လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်က မြောက်ကိုရီးယား သို့လာရောက်လည်ပတ်ရန် ကင်ဂျုံအွန်၏ ဖိတ်ကြားခြင်းခံခဲ့ရသည်။

လီ၏ ခရီးစဉ်သည် လူသာချင်းစာနာမှုဆိုင်ရာခရီးတစ်ခုဖြစ်နိုင်ပြီး ကလေးဆေးရုံ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဂေဟာနှင့် မိဘမဲ့ကလေးများဂေဟာတို့သို့ သွားရောက်ရန်စီစဉ်ထားသည်။

မြောက်ကိုရီးယားခေါင်းဆောင်သည် လွန်ခဲ့သည့်သုံးနှစ်က တရားဝင်အာဏာရယူပြီးကတည်းက တောင်ကိုရီးယားနိုင်ငံသား တစ်ဦးနှင့် တွေ့ဆုံခြင်းမရှိသေးပေ။

လီ၏ခရီးစဉ်အတွက် တောင်ကိုရီးယားမှ မြောက်ကိုရီးယားသို့ တိုက်ရိုက်လေယာဉ်ဖြင့် လာရောက်နိုင်ရန် ကင်ဂျုံအွန်က သဘော တူထားသည်ဟု ကင်ဒေးဂျုံငြိမ်းချမ်းရေးစင်တာမှ အရာရှိတစ်ဦးက ပြောသည်။

နည်းပညာအရ စစ်ဖြစ်နေသေးသော နှစ်နိုင်ငံကြား တိုက်ရိုက်ပျံသန်းမှုမှာ အလွန့်အလွန်ရှားပါးသည်။ "သူမရဲ့ခရီးစဉ်က တောင် ၊မြောက်ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ကင်ဆောင်ဂျယ် ၏ ပြောကြားချက်ကို ယွန်ဟပ်သတင်းဋ္ဌာက ကိုးကားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly