မျိုးတုံးတော့မယ်အန္တရာယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့(အပိုင်း ၁ )

.

ဒဏ္ဍာရီထဲကနတ်သမိုင်းတစ်ခု မွေးဖွားရာအရပ် ၊ မျိုးတုံးတော့မယ့် အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာအရပ် ၊ အာဆီယံအမွေအနှစ် ဒီရေတောအဖြစ် သတ်မှတ်ထားသော အရပ်၊ တချိန်က နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရရာအရပ်၊ တနိုင်ငံလုံးမှာမှ သုံးခုတည်းသာကျန်တော့လောက်အောင် ရှားပါးသွားတဲ့ စန္ဒားငါးဖမ်းနည်းကို ထိန်းသိမ်းထားတဲ့ အရပ် ၊ ပင်လယ်ပြင်ထဲ ဂုံးကောင်ကောက်ကြတဲ့အရပ်၊ အပန်းဖြေစရာ ကမ်းခြေအသစ်ရှိရာ အရပ်၊ အဲဒီလိုစိတ်ဝင်စားစရာ ကောင်းတဲ့ ဒေသလေး တစ်ခုကတော့ ကဒုံကနိရွာ ကမ်းခြေနေရာကလေးပါပဲ။

ကဒုံကနိရွာဆိုတာ  မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ထဲမှာ  တည်ရှိတယ်။ ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုလို့ ဆိုလို့လည်း ရပါတယ်။ အဖိုးတန် ဒီရေတောများပေါက်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အဲဒီ ဒီရေတောများထဲမှ  မိန်းမလှကျွန်းလို့ခေါ်တဲ့ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောမှာ မိချောင်းတွေအများကြီးရှိနေလို့လည်း နာမည်ကြီးပြီး လူသိများတဲ့ ကျွန်းတစ်ကျွန်းလည်း ဖြစ်ပါတယ်။

ဒီ ကဒုံကနိဒေသမှာ ရန်ကုန်ရဲ့အနောက်တောင်ဘက်မှာတည်ရှိပါတယ်။ ကားလမ်းနဲ့ ဒလဘက်ကမ်းကနေလာရင်  ကဒုံကနိကို ၅နာရီလောက် ကြာပါမယ်။ ဒါမှမဟုတ်ဘိုကလေးမှာဆင်းပြီး ရှပ်ပြေးသင်္ဘောနဲ့ ကဒုံကိုသွားလို့ရပါတယ်။

အခု နေ့လည်စာစားပြီးချိန်မှာတော့ ကျွန်မတို့ အဖွဲ့က ဘိုကလေးဆိပ်ကမ်းကို ရောက်နေပြီ ..။ ကျွန်မတို့အဖွဲ့က ဒလကနေ ဘိုကလေးကို ကားနဲ့လာပြီး ဘိုကလေးကနေ ကဒုံကနိကို ရေလမ်းကနေသွားမှာပါ။

ကျွန်မတို့စီးမယ့် ရှပ်ပြေးသင်္ဘောက အခုမှ ကဒုံကနေ ဘိုကလေးကိုဆိုက်လာတာမို့လို့ ခရီးသည်တွေဆင်း၊ ပါလာတဲ့ကုန်တွေချပြီး  နေ့လည် ၂နာရီလောက်မှ ပြန်ထွက်မှာပါ။
ဒါနဲ့ ကျွန်မတို့လည်း လက်မှတ်တိုးဝယ်ပြီးတော့ သင်္ဘောဆိပ်မှာ ခဏ အအေးသောက်ရင်း စကားတွေပြောလိုက် ဗီဒီယိုပြနေတာကို ထိုင်ကြည့်လိုက်နဲ့ပဲ သင်္ဘောအထွက်ကိုစောင့်နေလိုက်ပါတယ်။
ခဏနေတော့ သင်္ဘောကထွက်ဖို့ ဥသြဆွဲလို့ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ ခရီးသည်တွေနဲ့အတူ ကျွန်မတို့အဖွဲ့လည်း သင်္ဘောပေါ်တက်ခဲ့ပါတယ်။

သင်္ဘောမထွက်ခင် ဘေးမှာလာကပ်တဲ့ ဈေးလှေလေးတွေကနေလည်း ဈေးဝယ်လို့ရသလို သင်္ဘောပေါ်တက်လာတဲ့ ဈေးသယ်တွေလည်းရှိပါတယ်။ သင်္ဘောမထွက်ခင်  ရောင်းတဲ့သူကလည်း   မြန်မြန်ရောင်း ဝယ်တဲ့သူကလည်းမြန်မြန်ဝယ်နဲ့ မြင်ကွင်းတွေက ခပ်သွက်သွက်လေးနဲ့ ချိန်သားကိုက်နေပါတယ်။

ကျွန်မတို့လည်း ဒေသခံတွေက နှင်းပန်းသီးလို့ခေါ်တဲ့ နှင်းသီးကို ဝယ်စားလိုက်ပါသေးတယ်။ ချိုပြီးအေးလို့ အမောတောင်ပြေသွားပါတယ်။

သင်္ဘောက နှစ်ထပ်ဖြစ်တော့ အောက်ထပ်ကနေစီးသွားလို့ရသလို အပေါ်ထပ်ကိုတက်ပြီးလဲ စီးနိုင်ပါသေးတယ်။

သင်္ဘောအောက်ထပ်မှာက နေကလည်းပူ၊လူကလည်းထူတော့ နည်းနည်းတော့ အိုက်ပါတယ်။ ခရီးသည်တွေလည်း ကြုံရာနဲ့တဖျပ်ဖျပ်ယပ်လို့ ဒီအပူဒဏ်ကို ရသလောက်ခပ်ထုတ်နေရရှာတယ်။ သင်္ဘောထွက်ရင်တော့ အေးမယ်ထင်ပါတယ်။

ဟော .... သင်္ဘောကြီးကတော့ သူခရီးစဉ်ပြန်စတင်ဖို့ အားအင်ပြန်ပြည့်ပြီ အချက်ပေးနေပါပြီ။ ဘေးက ဈေးသယ်လှေလေးတွေလည်း ပြန်လှည့်ထွက်သွားပါပြီ။ သူတို့ ရောင်းကောင်းသွားပုံရပါတယ်။

သင်္ဘောကြီးစထွက်တော့ မြစ်ပြင်ထဲက လေတွေ သင်္ဘောထဲဝင်လာလို့ နည်းနည်းတော့ အပူသက်သက်သွားတယ်။ဒါပေမယ့် လူများတာကြောင့် အပူရှိန်ကတော့ ကျန်နေပါသေးတယ်။ အဲဒါကြောင့် အပူဒဏ်သက်သာလို သက်သာငြား သင်္ဘောအပေါ်ထပ်ကို တက်လာခဲ့တယ်။ အပေါ်မှာက လူသိပ်မကျပ်တော့ မပူပါဘူး။ လတ်ဆတ်တဲ့ မြစ်လေကို တဝကြီးရှုပစ်လိုက်ရလို့ အသက်ရှုတော်တော်ချောင်သွားတယ်။

နောက်နေ့ကျရင် ကျွန်မတို့အဖွဲ့ မိန်းမလှကျွန်းကို သွားလည်ဦးမှာပါ။ဒီကျွန်းကြီးက ဒီဒေသရဲ့ အထင်ကရနေရာတစ်ခုပါ။ ဒီကျွန်းကြီးကိုအခြေခံလို့ ဒဏ္ဍာရီပုံပြင်ဆန်ဆန် နတ်သမိုင်းတစ်ခုဖြစ်ပေါ်ခဲ့ရပါတယ်။အဲဒါကတော့  ကံဆိုးသူမောင်ရှင်လို့ခေါ်တဲ့ ရေငံပိုင်ဦးရှင်ကြီးနတ်ဇာတ်လမ်းပဲဖြစ်ပါတယ်။

စောင်းတီးကောင်းတဲ့ နတ်ကြီးဦးရှင်ရဲ့ ဇာတ်လမ်းမှာ ဒီ မိန်းမလှကျွန်းဟာ အဓိကကျတဲ့ ကျွန်း ....

ရေငံတစ်ရိုး ပိုင်စံစိုးတဲ့ ဦးရှင်ကြီးတစ်ယောက် ကွန်းခိုရာကျွန်းရယ်လို့ ယုံကြည်ကြ ပါတယ်။

ဘိုကလေး - ကဒုံ ရှပ်ပြေးသင်္ဘောက ဒီဒေသနေထိုင်သူများအတွက် အရေးပါလှပါတယ်။
ဘာလို့လည်းဆိုတော့ ကဒုံကနိရွာအတွက်တင်မဟုတ်ပါဘူး မြစ်ကြောင်းတစ်လျောက်မှာရှိတဲ့ ကြားရွာတွေအတွက်လည်း ကုန်စည်စီးဆင်းမှုအတွက်ပါ အားထားနေရပါတယ်။

ဒီလို ဆိပ်ကမ်းရှိတဲ့ရွာတွေက နေထိုင်သူတွေအတွက်တော့ ကုန်းပစ္စည်းသယ်တာဖြစ်ဖြစ် ခရီးသွားတာပဲဖြစ်ဖြစ် အများကြီးမခက်ခဲပေမယ့် ဆိပ်ကမ်းနဲ့ဝေးတဲ့နေရာကရွာသူရွာသား တွေအတွက်ကတော့ သင်္ဘောနဲ့ကမ်းအလှမ်းဝေးလို့ ဘယ်လောက်တောင် ခက်ခဲကြတယ်ဆိုတာကို အခုလိုသိလိုက်ရပါတယ်။

သင်္ဘောက အရှိန်လျော့လိုက်ပြီး ကဒုံဝဆိပ်ကမ်းရှိရာကို ရောက်လာပါပြီ။ ကဒုံဆိပ်ရဲ့ ညနေခင်းက ရေချိုးတဲ့သူချိုး၊ လာသူကို မျှော်သူမျော်နဲ့မို့လို့ သင်္ဘောဝင်လာတော့ ပထမ တိတ်ဆိတ်နေတဲ့ ကဒုံဆိပ်ဟာ နည်းနည်းတော့ အသက်ဝင်လာပါတယ်။

သင်္ဘောဆိုက်တဲ့ သင်္ဘောဆိပ်က ဒေသခံတွေရဲ့ လက်လုပ် ဆိပ်ကမ်းတစ်ခုဖြစ်တော့ နည်းနည်းတော့ ကသိကအောက်နိုင်ပါတယ်။နောက်များဆို ဒီထပ်ပိုအဆင်ပြေမယ့် ဆိပ်ကမ်းတစ်ခုဖြစ်လာနိုင်အောင် ဒီဒေသက တာဝန်ရှိသူ လူကြီးမင်းတွေ လုပ်ဆောင်နိုင်မယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်။

ဒီနေ့ခရီးစဉ်မှာ ဘိုကလေး-ကဒုံကနိရှပ်ပြေးပေါ်က ဘဝအဖြစ်အပျက်တွေကို ကျွန်မတို့အဖွဲ့သူ အဖွဲ့သားတွေ မှတ်တမ်းတင်လိုက်ရတော့ ဘာပဲဖြစ်ဖြစ် ဝမ်းသာမိပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကိုယ့်တိုင်းရင်းသားတွေကို ဒီထက်အများကြီး ဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေတစ်ခုကိုအမြန်ဆုံးရောက်စေချင်မိတာတွေက ရင်ထဲမှာ တစ်ဆထက် တစ်ဆများပြားလာပါတယ်။
နောက်တချိန်မှာ ရာသီမရွေးသွားနိုင်တဲ့ ဘိုကလေး ကဒုံကနိ ကားလမ်းကြီးလည်း ဖြစ်လာ မယ်လို့ မျော်လင့်မိသလို ကားလမ်းဖြစ်လာလို့ ရေလမ်းက မော်တော်တွေ သင်္ဘောခရီးစဉ်တွေဟာလည်း   ပျောက်ပျက်မသွားပဲနဲ့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ လုံခြုံစိတ်ချမှုတွေနဲ့ စွဲဆောင်နိုင်ပါစေလို့    ဆန္ဒပြုလိုက်ပါတယ်။