ထျန်အန်မင်ဖြိုခွင်းမှုကို တာဝန်ခံရန် တရုတ်အား အမေရိကန်တိုက်တွန်း

ထျန်အန်မင်ဖြိုခွင်းမှုကို တာဝန်ခံရန် တရုတ်အား အမေရိကန်တိုက်တွန်း

ပေကျင်း၊ ဇွန် ၄ ။              ။ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအား လူ့အခွင့်အရေးအလွဲသုံးစားမှုများကို အဆုံးသတ်ရန် တိုက်တွန်းခြင်းနှင့်အတူ ထျန်အန်မင်ရင်ပြင် ဒီမိုကရေစီလှုပ်ရှားမှုအား ဖြိုခွဲခဲ့ခြင်း ၂၇ နှစ်ပြည့်မြောက်အဖြစ် မှတ်ချက်ပြုစကားကိုလည်း ပြောကြားခဲ့သည်။

နှစ်ပတ်လည် အမေရိကန်-တရုတ် မဟာဗျူဟာဆွေးနွေးပွဲများ မစတင်မီ ရက်ပိုင်းအလို ထျန်အန်မင်အမှတ်တရငြိမ်းချမ်းစွာ အထိမ်းအမှတ်ပွဲများ ပြုလုပ်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် ခွင့်ပြုပေးသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်သည်။ “ထျန်အန်မင်ရင်ပြင် သတ်ဖြတ်မှုများ၊ ဖမ်းဆီးခြင်းများနှင့် ပျောက်ဆုံးနေသူများအတွက် တရုတ်နိုင်ငံအနေဖြင့် တာဝန်ခံရန် အမေရိကန်က ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း” ပြောရေးဆိုခွင့်ရှိသူ မတ်တွန်နာက ပြောသည်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြား ဆက်ဆံမှုများအဖြစ် အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲများကို လာမည့်အပတ်တွင် ပြုလုပ်မည်ဖြစ်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ဘဏ္ဍာရေးအတွင်းဝန် ဂျက်လူးတို့က တရုတ်နိုင်ငံသို့ သွားရောက်ရန်ရှိနေသည်။

သို့သော် ပဋိပက္ခမီးစများကို ဘေးဖယ်ထားနိုင်ပါက နှစ်နိုင်ငံကြားဆက်ဆံမှုက ခိုင်မာမှုပေါ် ရပ်တည်နေပြီဖြစ်ပါကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။

၁၉၈၉ ခုနှစ် ဇွန် ၄ ရက်က ပေကျင်းမြို့လယ် ထျန်အန်မင်ရင်ပြင်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းလိုက်ပြီးနောက်ပိုင်း နှစ် ၂၀ ကျော်အတွင်း တရုတ်နိုင်ငံက အပြောင်းအလဲများစွာ ဖော်ဆောင်လာခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ မတ်တွန်နာက ပြောခဲ့သည်။

သို့သော်လည်း တရုတ်နိုင်ငံအတွင်း ဖြစ်ပွားဆဲ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်အနေဖြင့် စိုးရိမ်မှုများ ဆက်လက်ရှိနေရကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly