ယခုအစိုးရ သက်တမ်းအတွင်း အပစ်ရပ် လက်မှတ်ထိုးကာ ၊နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ဦးတည်ရန် မူအားဖြင့် သဘောတူ

ယခုအစိုးရ သက်တမ်းအတွင်း အပစ်ရပ် လက်မှတ်ထိုးကာ ၊နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ဦးတည်ရန် မူအားဖြင့် သဘောတူ

ချင်းမိုင်၊ ဇူလိုင် ၆ ။    ။ လက်ရှိ အစိုးရသက်တမ်းအတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း (NCA)ကို အပြီး သတ်လက်မှတ်ရေးထိုးနိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေးကို ဦးတည်ကြိုးပမ်းသွားရန် မူအားဖြင့် သဘော တူညီမှု ရရှိခဲ့သည်ဟု အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD) က ပြောဆိုလိုက်သည်။

SD ၏ ဒုတိယအကြိမ် အစည်းအဝေးကို ဇူလိုင်လ ၂ ရက်မှ ၅ ရက်ထိ လေးရက်ကြာ ကျင်းပခဲ့ပြီးနောက် ဇူလိုင်လ ၅ ရက်တွင် ကြေငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ဒီအစိုးရ ကာလသက်တမ်းမှာ အန်စီအေ အဆင့်လောက် ပြီးမြောက်အောင်လုပ်ချင်တယ်။ ထိုနည်းလည်းကောင်း နိုင်ငံရေး မူဘောင်ရေးဆွဲရေးကိုလည်း ပြီးမြောက်သွားအောင် လုပ်နိုင်တယ်ဆိုလို့ရှိရင် အကျိုးရှိမယ်လို့ သုံးသပ်မိပါတယ်”ဟု SD ၏ ဒုတိယ ခေါင်းဆောင် (၂) ပူးဇင်ကျုံးက မဇ္ဈိမကို ပြောသည်။

ထိုအစည်းအဝေးတွင် လော်ခီးလာ ညီလာခံမှ ရရှိလာသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတည်ပြု မူကြမ်းကို အပြီးသတ် မူချောအဆင့်သို့ ရရှိရေးအတွက် တာဝန်ယူ ညှိနှိုင်းသွားကြရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အစည်းအဝေးအတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအားလုံး ပါဝင်ရေးကိုလည်း ကြိုးပမ်းသွားရန် ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

“လော်ခီးလာက ချမှတ်ထားတဲ့ အခြေခံမူတွေ၊ ပြင်ဆင်ဖို့ရာအတွက် ကျွန်တော်တို့ကို တာဝန်ပေးထားတဲ့ အချက်တွေ ကို ဆွေးနွေးဖြစ်ပါတယ်။

နောက်ပြီးတော့ အားလုံး ပါဝင်ရေးမူကိုလည်း ပတ်သက်တဲ့ သဘောထားကိုလည်း ပြန်ပြီး စိစစ်ပြီးတော့ ဆွေးနွေးခဲ့ကြ တယ်။ နိုင်ငံတကာ ပါဝင်ရေး၊ အသိသက်သေ ဘယ်သူတွေ ထိုးမလဲဆိုတဲ့ကိစ္စရယ်။ စာချုပ်ထဲမှာ အစိုးရဘက် ဘယ်သူတွေ ထိုးသင့်တယ်။ တိုင်းရင်းသားတွေဘက်က ဘယ်သူတွေ ထိုးသင့်တယ်ဆိုတာတွေ ဆွေးနွေးဖြစ်ပါတယ်”ဟု သူက ပြောသည်။

NCA လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား အဖွဲ့အစည်းများထဲမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ်များ အပါအဝင် လက်မှတ်ရေး ထိုးရန်၊ အစိုးရဘက်မှ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်တို့ ပါဝင် လက်မှတ်ရေးထိုးရန် ဆွေးနွေးခဲ့သည်ဟု သူက ဆိုသည်။

လေးရက်ကြာအတွင်း ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်များတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် SD အဖွဲ့ဝင်များ ပထမဆုံးအကြိမ် ကြိုတင် ညှိနှိုင်းဆွေးနွေး ခဲ့ရာ လော်ခီးလာ ညီလာခံမှ ပြင်ဆင်ဖြည့်စွက်ထားသည့် အချက် ၁၂ ချက်ကို နှစ်ဖက် ပြန်လည် ညှိနှိုင်းသွားရန် သဘောတူညီ ခဲ့ကြသည်။

ထို့ပြင် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD)နှင့် UPWC တို့ ရလာမည့် ဇူလိုင် တတိယအပတ်တွင် ရန်ကုန်မြို့၌ တရားဝင် တွေ့ဆုံဆွေးနွေးရန် နှစ်ဘက် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။  

သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပြင်ဆင်ဖြည့်စွက်ထားသော အချက်များကို မပြင်ဆင်လိုဘဲ အစည်း အဝေး မှတ်တမ်းအဖြစ် ထားရှိရန် UPWC ဘက်မှ တင်ပြခဲ့သည်။ နှစ်ဖက် တရားဝင် မတွေ့ဆုံမီ  ကြိုတင်ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

SD ခေါင်းဆောင် နော်စီဖိုးရာစိန်၊ ဒုတိယခေါင်းဆောင် ဒေါက်တာလဂျာနှင့် ဒုတိယ ခေါင်းဆောင်(၂) ပူးဇင်ကျုံး တို့ အပါအဝင် အဖွဲ့ဝင်များ ၁၀ ဦးကျော် တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags