အိန္ဒိယတွင် ကျူးကျော်များကို ရဲများက နှင်ထုတ်ရာမှ ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၃ ဦးသေဆုံး

အိန္ဒိယတွင် ကျူးကျော်များကို ရဲများက နှင်ထုတ်ရာမှ ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၃ ဦးသေဆုံး

နယူးဒေလီ၊ ဇွန် ၃ ။            ။ အိန္ဒိယနိုင်ငံတွင် ပြည်သူပိုင်မြေနေရာတစ်ခုပေါ်၌ တရားမဝင်နေထိုင်သူ ထောင်ပေါင်းများစွာကို ရဲများက ဖယ်ရှားရာမှ စတင်ကာ အပြန်အလှန် တိုက်ခိုက်မှုများဖြစ်ပွားပြီး အနည်းဆုံး လူ ၂၃ ဦး သေဆုံးသွားခဲ့သည်။ အဆိုပါမြေပေါ်မှ ဖယ်ရှားမပေးလိုသူများ နှင့် ရဲများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ကာ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားပြီး ယခုကဲ့သို့ လူအများအပြား သေဆုံးရသည်အထိ ပြင်းထန်ခဲ့သည်။

Mathura မြို့ပေါ်ရှိ ပြည်သူပိုင် မြေပေါ်တွင် ပြီးခဲ့သည့် နှစ်နှစ်ကတည်းက တရားမဝင် ဝင်ရောက်နေထိုင်နေခဲ့သည်ဆိုကာ လူထောင်ပေါင်းများစွာကို အာဏာပိုင်များက ဖယ်ရှားရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၂ ရက် ညပိုင်းက အာဏာပိုင်များနှင့် ယင်းကျူးကျော်နေထိုင်သူအုပ်စုတို့အကြား အပြန်အလှန် ပဋိပက္ခများ ဖြစ်ပွားပြီး ရဲ နှစ်ဦး သေဆုံးခဲ့ရသည်။

အဆိုပါ မြေဧရိယာသို့ ရဲများရောက်ရှိချိန်တွင် သစ်ပင်များပေါ်တွင် တက်ကာ နေရာယူထားသော ကျူးကျော်နေထိုင်သူတစ်ချို့က ပြင်းထန်သော ပေါက်ကွဲစေတတ်သည့် လက်နက်များဖြင့် စတင် ပစ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

" လူပေါင်း ၂၃ ယောက် သေဆုံးခဲ့ပါတယ်၊ ရဲ နှစ်ဦးလည်း ပါပါတယ်၊ ကျန်တဲ့ ၂၁ ယောက်ကတော့ ရဲတွေနဲ့ အရပ်ဘက်အဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တဲ့ လူတွေဖြစ်ပါတယ်" ဟု အဆိုပါဒေသအကြီးအကဲ ပရာဒိ ဘာနာဂါက ပြောသည်။

" သူတို့ဘက်က ဒီမြေနေရာကနေ မဖယ်ပေးချင်လို့ ခုလို ခုခံခဲ့တာပါ၊ သူတို့မှာ ရိုင်ဖယ်တွေလည်း ရှိထားတယ်၊ ပေါက်ကွဲစေတဲ့ပစ္စည်းတွေရော ရှိနေတာပါ၊ သူတို့က ဒီနေရာကို ခံတပ် ပုံစံ လုပ်ဆောင်ထားခဲ့တာပါ' ဟု ၎င်းက ဆိုသည်။

အဆိုပါ ကျူးကျော်များဘက်မှ လူ ၁,၀၀၀ ကျော်ကို ယခုအခါ ဖမ်းဆီးထားပြီဖြစ်ပြီး ယင်းနေရာကို ချိတ်ပိတ်ထားရှိထားသည်။ အခြေအနေများမှာ တင်းမာနေဆဲဖြစ်သော်လည်း ယခုအခါ အပြည့်အ၀ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly