မဟာမိတ်အဖြစ် ပူးပေါင်းထားသည့် ကယားဒေသခံ တိုင်းရင်းသားပါတီ သုံးခု မဲဆန္ဒနယ်ခွဲဝေမှု ရ၅ ရာခိုင်နှုန်းပြီးစီး

မဟာမိတ်အဖြစ် ပူးပေါင်းထားသည့် ကယားဒေသခံ တိုင်းရင်းသားပါတီ သုံးခု မဲဆန္ဒနယ်ခွဲဝေမှု ရ၅ ရာခိုင်နှုန်းပြီးစီး

ရန်ကုန်၊ဇူလိုင် ၆ ။        ။ မဟာမိတ်အဖြစ် ပူးပေါင်းထားသည့် ကယားဒေသခံ တိုင်းရင်းသားပါတီ သုံးခုသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ခွဲဝေသည့် အစည်းအဝေးကို ဇူလိုင်လ ၆ ရက်က ပြုလုပ်ခဲ့ပြီး ၇၅ ရာခိုင်နှုန်း ခွဲဝေပြီးစီးပြီ ဖြစ်သည်ဟု ယင်းပါတီများထံက သိရသည်။

မဟာမိတ်အဖြစ် ဖွဲ့စည်းထားသည့် ကယားပြည်နယ် ဒေသခံ တိုင်းရင်းသားပါတီ များဖြစ်သည့် ကယန်း အမျိုးသားပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ (ကယားပြည်နယ်) ၊ ကယားလူမျိုးစု ဒီမိုကရေစီ ပါတီ တို့က အစည်း အဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက “ အခု ၇၅ ရာခိုင်နှုန်းဆွေးနွေးပြီးပြီ လို့တော့ပြောလို့ ရတယ်။ နောက် တစ်ပတ်လောက်မှာ ဆွေးနွေးပွဲကို ထပ်လုပ်ရဦးမှာပါ။ အနိုင်ရနိုင်ခြေရှိတဲ့ မြို့တွေကို အနိုင်ရခြေရှိရင် ရှိသလို ခွဲဝေကြတာပေါ့။အတည်တော့မပြုရသေးပါဘူး ”ဟုပြောသည်။

ကယားပြည်နယ်တွင် မြို့နယ် ၇ မြို့နယ်ရှိသည့်အနက် ဖရှုဆိုမြို့နယ်၊ဘောလခဲမြို့နယ်၊ဖားဆောင်းမြို့နယ်၊ ရှားတော်မြို့နယ်တို့ အတွက် မဲဆန္ဒနယ် ခွဲဝေသတ်မှတ်ပြီး ဖြစ်ကာ မယ်စဲ့မြို့နယ်၊ ဒီမောဆိုးမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့အတွက် မဲဆန္ဒနယ်များ ခွဲဝေရန် ကျန်ရှိနေသေးသည်။

ဆွေးနွေးပွဲတွင် မဲဆန္ဒနယ် ခွဲဝေမှုထားမှုကိုမူ အပြီးသတ်ဆွေးနွေး အတည်ပြုပြီးမှသာ မည့်သည့်နေရာတွင် မည်သည့် ပါတီက မည်သူ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည်ကို ပြည်သူလူထုကို ချပြမည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ကယန်းအမျိုးသားပါတီအနေဖြင့် ကယန်းလူမျိုးစုအများစုနေထိုင်သည့် ဒေသများတွင် အဓိကထားယှဉ်ပြိုင် သွားမည်ဟုလည်း ဦးနန်းရီက ဆိုသည်။

ကယားလူမျိုးစု ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးစောဒယ်နီယယ်က “ မဲဆန္ဒနယ်ခွဲဝေတဲ့ဆွေးနွေးပွဲပါ။ ပမာဏာဆွေးနွေးတယ် လို့ပြော လို့ရတာပေါ့။ မြို့နယ် လေးမြို့နယ်တော့ အပြီးသတ် ခွဲဝေပြီးသွားပါပြီ။ ဆွေးနွေးရတာတော့ ခက်ခဲပါတယ်။ ”ဟုပြောသည်။

အဆိုပါ ပါတီသုံးခုသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က  မဟာမိတ်ပါတီအဖြစ် ပူးပေါင်းခဲ့ပြီး ပြည်တွင်းစစ်ရပ်ရေး၊ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးပီပီပြင်ပြင် ဖြစ်ထွန်းပေါ်ပေါက်စေရန်၊ အမျိုးသားများ ပြန်လည် သင်မြတ်ရေးကို ပြည်သူ လူထု တစ်ရပ်လုံးနှင့် လက်တွဲဆောင်ရွက်သွားရန် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ် ၇ မြို့နယ်တွင် ပြည်နယ်လွှတ်တော်နေရာ ၁၄ နေရာ၊ ပြည်သူ့လွှတ်တော် ၇နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ စုစုပေါင်း  လွှတ်တော်အမတ်နေရာ ၃၃ နေရာရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly