ဂျာနယ်လစ်များ၏ အသက်အန္တရာယ်လုံခြံုရေးအတွက် အကာအကွယ် မပေးနိုင်ဟု ဖိလစ်ပိုင် သမ္မတသစ် ပြော

ဂျာနယ်လစ်များ၏ အသက်အန္တရာယ်လုံခြံုရေးအတွက် အကာအကွယ် မပေးနိုင်ဟု ဖိလစ်ပိုင် သမ္မတသစ် ပြော

ဒါဗာအို၊ ဇွန် ၃ ။            ။ နိုင်ငံတွင် သတင်းစာဆရာ ဂျာနယ်လစ်များ၏ လုံခြုံရေးအတွက် အာမခံနိုင်ခြင်း မရှိကြောင်းနှင့် မိမိကိုယ်ကိုယ်သာ ကာကွယ်ကြရန် ဖိလစ်ပိုင် ရွေးကောက်ခံသမ္မတသစ် ရိုဒရီဂို ဒူတာတေးက သတိပေးပြောကြားလိုက်သည်။ ယင်းနိုင်ငံတွင် ယခင်နှစ်များအတွင်းက အကျင့်ပျက်ခြစားမှုများရှိနေသော ဂျာနယ်လစ်များ အသတ်ခံထားရသည့် ဖြစ်စဉ်များစွာ ဖြစ်ပွားထားခဲ့သည်။

" ဖိလစ်ပိုင် တစ်နှစ်လုံးမှာ ရှိတဲ့ ဂျာနယ်လစ်တွေ အားလုံးကိုတော့ ကျွန်တော် အကာအကွယ်မပေးနိုင်ပါဘူး၊ ဒီအလုပ်မျိုးဆိုတာက စစ်ထဲဝင်ပြီး စစ်တိုက်ရသလိုပါပဲ၊ တစ်နေ့နေ့မှာ ရှေ့တန်းထွက်ပြီး ကျဆုံးသွားတာမျိုး ကြုံနိုင်ပါတယ်" ဆိုပြီး သမ္မတ ဒူတာတေးက ဇွန်လ ၂ ရက် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားသွားသည်။

သမ္မတသစ်အဖြစ် ရွေးချယ်ခံထားသူ ဒူတာတေးက ပြီးခဲ့သည့် မေလ ၃၀ ရက်ကလည်း နိုင်ငံတွင် အကျင့်ပျက်ခြစားမှုနှင့် လာဘ်ယူမှုများတွင် ပတ်သက်နေသော ဂျာနယ်လစ်များ လုပ်ကြံအသတ်ခံရမှုများမှာ အပြစ်နှင့် ထိုက်တန်မှုရှိကြောင်း မှတ်ချက်ပြုပြောကြားထားခဲ့ခြင်းကြောင့် ဝေဖန်ခံထားခဲ့ရသည်။

ဇွန်လ ၂ ရက် သတင်းစာရှင်းလင်းပွဲ၌ ဒူတာတေးက ပြောကြားရာတွင် ၎င်းအနေဖြင့် ဂျာနယ်လစ် သုံးမျိုးသုံးစား ရှိသည်ကို သိရှိကြောင်း၊ ၎င်းတို့မှာ အမှန်ကိုသာ ရေးသားတင်ပြပြီး လာဘ်လာဘ လုံ့၀ မယူသော သတင်းစာဆရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများ၏ အကျိုးစီးပွားအတွက် ရေးသားဖော်ပြပေးသူများ နှင့် ရာဇဝတ်ဂိုဏ်းများထံမှ ငွေယူကာ ရေးသားတင်ပြသူများ ပင်ဖြစ်ကြောင်း ပြောကြားသွားသည်။

လာမည့် ဇွန်လ ၃၀ ရက်တွင် စတင်တော့မည့် ၎င်း၏ ခြောက်နှစ်တာ သက်တမ်းအတောအတွင်း၌ အမှန်တကယ် သတင်းစာသမားပီသပြီး အမှန်ကိုသာ တင်ပြသူ ဂျာနယ်လစ်များကိုတော့ ကာကွယ်ပေးလိုသည့် ဆန္ဒရှိကြောင်း ဒူတာတေးက ပြောကြားသွားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဂျာနယ်လစ်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု အဆိုးဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေပြီး ယခင် နှစ်များအတွင်းက ဂျာနယ်လစ် ၁၇၄ ဦးအထိ အသတ်ခံထားရသည့် ဖြစ်စဉ်များ ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly