ဟာဝိုင်အီ၌ လုပ်ဆောင်မည့် အမေရိကန်ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုတွင် တရုတ် ပါ၀င်ဦးမည်ဟု ဆို

ဟာဝိုင်အီ၌ လုပ်ဆောင်မည့် အမေရိကန်ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုတွင် တရုတ် ပါ၀င်ဦးမည်ဟု ဆို

ပေကျင်း၊ ဇွန် ၃ ။           ။ အမေရိကန် ဟာဝိုင်အီပြည်နယ်၌ နှစ်နှစ် တစ်ကြိမ် လုပ်ဆောင်လေ့ရှိသည့် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ယခုနှစ်တွင်လည်း တရုတ်စစ်တပ်က စစ်သင်္ဘောငါးစီး စေလွှတ်သွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် တောင်တရုတ်ပင်လယ်ပြင် အရေးကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံနှစ် နိုင်ငံအကြား တင်းမာမှုများ အရှိန်မြင့်နေခဲ့သော်လည်း ယခုနှစ် ပြုလုပ်မည့် နိုင်ငံတကာရေကြောင်းစစ်ရေးလေ့ကျင့်မှုတွင်လည်း ပူးပေါင်းပါဝင်ရန် စစ်သင်္ဘောများစေလွှတ်သွားမည်ဖြစ်ကြောင်း တရုတ်စစ်တပ်က အတည်ပြုသည်။

ဇွန်လ နှင့် ဇူလိုင်လအတွင်း နှစ်နှစ် တစ်ကြိမ် လုပ်ဆောင်လေ့ရှိသည့် အဆိုပါ နိုင်ငံတကာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ယခင်တစ်ကြိမ်က ပါဝင်ထားခဲ့သည့် တရုတ် ထပ်မံပါဝင်လာမည့်အပေါ် ဝေဖန်သူများကလည်း ပြင်းပြင်းထန်ထန် ပြစ်တင်သွားခဲ့သည်။

တရုတ်၏ လက်ရှိ စစ်ရေးလုပ်ဆောင်ချက်များအပေါ် မနှစ်သက်ကြောင်း ပြသသည့်အနေဖြင့် ယခုစစ်ရေးလေ့ကျင့်မှု၌ တရုတ်မပါဝင်ရန် အမေရိကန်တို့ဘက်က ယတိပြတ် တားဆီးသင့်ကြောင်း အိုဘားမားအစိုးရအပေါ် ဝေဖန်သူများက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အာရှအင်အားကြီး တရုတ်၏ စစ်ရေးတည်ဆောက်နေမှုများနှင့် တောင်တရုတ်ပင်လယ်ပြင်တွင်း အင်အားပြလာမှုများအပေါ် စိုးရိမ်ပူပန်မိကြောင်း အမေရိကန်နှင့် ယင်း၏ မဟာမိတ်များက ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကပြုလုပ်ထားခဲ့သော နိုင်ငံပေါင်း ၂၀ ကျော် ပါဝင်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကြီးတွင်လည်း တရုတ်ပါဝင်ထားခဲ့သော်လည်း ယင်းသို့ ပါဝင်ခြင်းမှာ လူသားချင်းစာနာမှု နှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးချရန် သက်သက်သာ လေ့ကျင့်ခြင်းဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly