ရေစီးရေလာ

မိုးဦးကျပြီဆိုတာနဲ့ ရန်ကုန်မြို့ကြီး (ပွန်ပီးမြို့လို) ရေအောက်မြို့တော် ဖြစ်သွားတဲ့အကြောင်း ကတော့ မရေးမကောင်း၊ ရေးမကောင်းပါပဲ။ ရေအောက်မြို့တော်တင်မက   ရေနံမြို့တော်လည်း   ဖြစ်တယ်ခင်ဗျာ။  နံစော် ညစ်ပတ်နေတဲ့ ရေဆိုးရေညစ်တွေ လမ်းမကြီးတွေပေါ် အငြိုးတကြီးနဲ့ ဖြတ်စီးလေ့ရှိတာ မိုးရွာတိုင်းပါပဲ။ ကျွတ်ကျွတ်အိတ်တွေ အမှိုက်သရိုက်တွေကလည်း ပေါလောမျောပါ   နေတာ မျက်စိတဆုံး မြင်ရပါတယ်။ မောင်မှန့်လို ညစ်ညစ်ပတ်ပတ် ပေပေတေတေ နေတက်တဲ့သူ တောင် ရန်ကုန်ရေကျော်ပြီလားဆို   ရေထဲကို ခြေမချချင်ပါဘူး။ ခြေမချဝံ့ဘူး။ ခြေမချချင်ဘူးဆိုတာ ရွံလို့ပါ။ ခြေမချဝံ့ဘူးဆိုတာကြ ကြောက်လို့ပါ။ ရွံတာကတော့ ရှင်းတယ်။ ကြောက်တာက ဒီလို၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆာကူရာတာဝါရှေ့ ဓာတ်တိုင်အောက်က လျှပ်စစ်တွေ ပိုလျှံနေတဲ့ ရေအိုင်လို ရေအိုင်မျိုးများ မောင်မှန့်အနားမှာ ရှိခဲ့ရင်ဆိုတဲ့ အတွေးကြောင့် ကြောက်တာပါ။ စဉ်းစား ကြည့်လေ။ ဓာတ်တိုင်ဆိုတာ ရန်ကုန်တစ်မြို့လုံးမှာ ရှိတာ။ ကိုယ့်အနားက ဓာတ်တိုင်ကလည်း အမှား အယွင်းရှိ၊ ရေတွေကလည်း လမ်းပေါ်ဖြတ်စီး၊ ကိုယ်ကလည်း ရေထဲခြေချ၊ တစ်ခါတည်း ဒန်ဒန့်ဒန်ပဲ။ ဆာကူရာတာဝါရှေ့မှာ တောင်ဒဂုံက မောင်ကံကောင်းလေး ကံမကောင်းခဲ့ရှာဘူး မဟုတ်လား။ သူပြီး ကိုယ့်အလှည့် ဖြစ်မှာစိုးရတာပေါ့။ နောက်ပြီး မြောင်းပေါက်ထဲ ပြုတ်ကျမှာလည်း စိုးရသေးတယ်။ မြောင်းပေါက်တွေဆိုတာလည်း နေရာအနံှ့မှာ ရှိနေတာပါ။

မိုးစဲတော့လည်း ရေပြန်ကျသွားတာပါပဲ။ တည်မြဲတာ ဘာမှမရှိဘူးမို့လား။ သင်္ခါရသဘောပေါ့။ ဒီလို ရေကျသွားပြီးဆို ရန်ကုန်မှာ ဖြစ်လေ့ရှိတာက မြင်ရလေ့ရှိတာက အခုလည်း တွေ့မြင်နေရတာက မြောင်းထဲက အမှိုက်တွေ၊ ရွှံ့ဗွက်တွေကို ပလက်ဖောင်းပေါ်တင်ပြီး ခင်းကျင်းထားတဲ့ မြင်ကွင်းပါခင် ဗျာ။ မောင်မှန်တို့ ခရီးသွားပြည်သူတွေမှာ ပလက်ဖောင်းပေါ်က လျှောက်မရတော့ ကားလမ်းပေါ်က လျှောက်ရတယ်။ ညနေပိုင်းဆို လမ်းဘေးဈေးသည်ကလည်း ပလက်ဖောင်းပေါ် အဆင်မပြေတော့ ကားလမ်းဘေး ဆင်းတယ်။ ဒီတော့ ပြည်သူတွေမှာ ဈေးသည်ရှောင်ရ၊ ကားရှောင်ရ၊ ရေအိုင်ရှောင်ရနဲ့ အတော်ကို ကသိကအောင့် ဖြစ်ရပါတယ်။

ဒီနေရာမှာ မောင်မှန်ကို ပြန်လှန် မေးခွန်းထုတ်စရာ ရှိပါတယ်။ ပိတ်နေတဲ့ မြောင်းတွေကို မဖော်ဘဲထားရင် အမြဲတမ်း ဒီလိုပဲ ရေကြီးနေမှာပေါ့။ ခဏတဖြုတ်လောက်တော့ သည်းခံကြမှပေါ့။ ဒီလိုမလုပ်ရင် ဘယ်လိုလုပ်ရမလဲပေါ့။ ဟုတ်ပါတယ်။ မြောင်းပိတ်ရင် မြောင်းဖော်ရမှာပါ။ ဒါပေမဲ့ ရေကြီးရေလျှံမှတော့ မဟုတ်ဘူးခင်ဗျ။ နွေကာလလောက်ကတည်းက ကြိုလုပ်ကြရမှာ။ နောက်ပြီး ဒီကိစ္စက နှစ်တိုင်း ဖြစ်နေတာ။ ခုမှဖြစ်တာ မဟုတ်ဘူး။ နွေကတည်းက လုပ်ရင်လည်း ပလက်ဖောင်း ပေါ်တော့ တင်ရမှာပဲ။ သို့သော် မိုးခါမှာလိုတော့ ပလက်ဖောင်းပေါ် အမှိုက်တွေတင်ထားခိုက်မှာ မိုးရွာ ရင် ညစ်ပတ်နံစော်မှု မဖြစ်တော့ဘူးပေါ့။ နောက်ပြီး ရေစီးရေလာကောင်းအောင် မြောင်းဖော် ကြိုတင် ပြင်ဆင်ထားတဲ့အတွက် ရေကြီးရေလျှံ ကိစ္စလည်း အထိုက်အလျှောက် သက်သာသွားမှာပါ။ (လုံးဝ ပပျောက်မသွားနိုင်ဘူး ဆိုတာတော့လည်း မောင်မှန် သဘောပေါက်ပါတယ်။)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ သတင်း စား ရှင်းလင်းပွဲတစ်ခုမှာ ခုလို ပြောပါတယ်။ ရန်ကုန်မြို့ပြစနစ်ဟာ နှစ်ပေါင်းများစွာ ဖြေးဖြေးချင်း ပျက်စီးလာတာဖြစ်တဲ့အတွက် ချက်ခြင်းကြီး ပြန်ကောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရေကြီးတာ မြောင်းတွေ ပိတ်ဆို့နေလို့ဖြစ်ပြီး ပြည်သူတွေလည်း စည်းကမ်းရှိကြပါ။ ပူးပေါင်းပါဝင်ကြပါတဲ့။ ဒါလည်း အမှန်ပါပဲ။ အခု နိုင်ငံရေးကိစ္စတွေမှာ ပြောပြောနေကြသလိုပေါ့။ နှစ် ၅၀ ကျော် အရှုပ်ထုပ်ကို ချက်ခြင်း ဘယ်ရှင်းနိုင်ပါ့မလဲတို့။ ယိုယွင်းနေတဲ့ မြို့ပြစနစ် ပြန်လည်တည်ဆောက်ရေးမှာ ပြည်သူတွေ ကလည်း စည်းကမ်းတကျ ပူးပေါင်းပါဝင်ကြရမှာပါ။ စည်းကမ်းမဲ့ အမှိုက်စွန့်တာတွေ ရှောင်ကြရမှာပါ။ မြို့တော် စည်ပင်ကလည်း စည်းကမ်းရှိ အမှိုက်ပုံးတွေ မြို့တော်အနံှ့ ထားပေးဖို့ အားထုတ်ရမှာပါ။

အထက်က စကားလေး နည်းနည်း ပြန်ကောက်ပါရစေ။ နှစ် ၅၀ အရှုပ်ထုပ် ကိစ္စပါ။ နှစ် ၅၀ ကို ရက် ၅၀ နဲ့ အကုန်မရှင်းနိုင်တာ အမှန်ပါ။ မောင်မှန် လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ရက် ၅၀ နဲ့ လုပ်နိုင်တဲ့ ကိစ္စတွေလည်း ရှိပါတယ်။ မောင်မှန်ပြောခဲ့သလို မြောင်းကြိုဖော်တဲ့ ကိစ္စမျိုးပေါ့။

ဘတ်(စ)ကားစီးခတွေ မှန်မှန်ကန်ကန် ကောက်ခံရေး ကိစ္စလိုမျိုးပေါ့။ (အခု ကားခတောင်းပုံ တွေက ဆိုးသထက် ဆိုးနေပြီး။ စပယ်ရာက နှုတ်က ထွတ်တဲ့ ကားခဟာ မ.ထ.သ ထက် သြဇာကြီး ပါတယ်။ သူတောင်းတာမပေးရင် ရိုင်းရိုင်းစိုင်းစိုင်း ရန်တွေ့ ရန်ထောင်လုပ်တော့တာ။ ပြည်သူတွေမှာ စပါယ်ရာရဲ့ အနိုင်ကျင့်မှုကို နေ့စဉ်နဲ့အမျှ ခံနေကြရတာ မောင်မှန်လည်း ရေးရပါများလို့ ရှက်လာပါပြီ) ဒါတွေဆို ရက် ၅၀ အတွင်း ဖြေရှင်းလို့ ရနိုင်မယ်ထင်ပါတယ်။ လတ်တေလော ဖြေရှင်းထားတာ တစ်ခုကိုလည်း အသိအမှတ်ပြုပါတယ်။ ကားလမ်းပေါ်က ဘလောက်တုံးအချို့ ဖယ်ရှားလိုက်တဲ့ ကိစ္စပေါ့။ ချက်ခြင်းလုပ်တော့လည်း ချက်ခြင်းဖြစ်တာပဲ မဟုတ်လားခင်ဗျာ။

ရေနံမြို့တော်နဲ့ စပြီး ရေနံမြေနဲ့ ဆုံးကြရအောင်လား။ ၃၁.၅.၁၆ နေ့ လွှတ်တော်မှာ မကွေး တိုင်း၊ ပွင့်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက အရင် အစိုးရလက်ထက်မှာ ဒေသဖွံ့ ဖြိုးရေး ရန်ပုံငွေအတွက်ဆိုပြီး ရေနံတွင်း(လက်ယက်တွင်း)တွေကနေ ကောက်ခံထားတဲ့ ကျပ်ငွေ ၂ ဒသမ ၈ ဘီလျံကို ဘယ်လို အသုံးပြုထားပါသလဲဆိုတဲ့ မေးခွန်း မေးပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးက ပြန်ဖြေရာမှာ နောက်တက်လာတဲ့ တိုင်းဒေသကြီး အစိုးရသစ်ကိုလည်း လွှဲပြောင်းပေးခြင်း မရှိ။ ပြည်ထောင်စု အစိုးရကိုလည်း မရောက်ဘူးလို့ ဖြေပါတယ်။ ဒါဆိုရင် ဘယ်ရောက်သွားမှန်း မသိဘူးပေါ့။ (မကွေးတိုင်းဘက်က ကားပြင်တာတွေ ခေတ်စားလေတော့ ၂ ဒသမ ၈ ဘီလျံလုံး တိုင်းအစိုးရရဲ့ ကားတွေ ပြင်ပစ်လိုက်သလားလည်း မသိဘူး။) သိအောင်တော့ လုပ်ကြမယ် မျှော်လင့် ပါတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေ၊ ပြည်သူ့ဘဏ္ဍာတွေ ဘယ်ရောက်သွားမှန်း မသိတာ များလှပါ ပြီ။ မြန်မာနိုင်ငံ ကျောက်မျက်အသင်းရဲ့ ယူရိုငွေ သန်း ၈၀ ကိစ္စကြီးကလည်း ရှိသေးတယ်ခင်ဗျ။ သူတို့ကတော့ ထုတ်ထားတဲ့ ငွေတွေက စာရင်းအတိအကျရှိတယ်။ ဘယ်မှာဘယ်လိုသုံးလိုက်တယ် ဆိုတာ မသိရလို့ သိချင်တာဆိုပြီး အသင်းဥက္ကဋ္ဌက ၃၁.၅.၁၆ နေ့ နံနက် VOA နဲ့ တွေ့ဆုံခန်းမှာ ပြောခဲ့ပါတယ်။ ဒါကတော့ ကျန်တဲ့ ကိစ္စတွေထက် နည်းနည်း ပိုခက်မယ်ထင်ပါတယ်။ ပြည်ထောင်စု အစိုးရဟောင်းရဲ့ ကိစ္စဖြစ်နေတာကိုး။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ရေနံမြို့တော်ကြီး ရေစီးရေလာကောင်း ပါစေ။ မကွေးတိုင်းဒေသကြီး အစိုးရဟောင်းနဲ့ ပြည်ထောင်စုအစိုးရဟောင်းတွေအတွက်တော့ ဆုမ တောင်းတော့ပါဘူး။ သူတို့က ရေစီးရေလာကောင်းလွန်းလို့သာ ဒီလို ပြဿနာတွေ ပေါ်တာမို့လား။

Mizzima Weekly