လူထုအစိုးရ၊ အရပ်သားအစိုးရဖြစ်လို့ လူထုနဲ့အတူ အရပ်သားလိုပဲ တွေးပါတယ် ဆိုတဲ့ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် နှင့် တွေ့ဆုံခြင်း (နောက်ဆုံးပိုင်း)

လူထုအစိုးရ၊ အရပ်သားအစိုးရဖြစ်လို့ လူထုနဲ့အတူ အရပ်သားလိုပဲ တွေးပါတယ် ဆိုတဲ့ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် နှင့် တွေ့ဆုံခြင်း (နောက်ဆုံးပိုင်း)

မြန်မာနိုင်ငံ၏ ဆင်းရဲမှုအနိမ့်ကျဆုံး ပြည်နယ်တစ်ခုဖြစ်သည့် ချင်းပြည်နယ်၏ စည်ပင်သာယာရေး စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို မဇ္ဈိမ၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးသန့်က သွားရောက်တွေ့ဆုံပြီး ဝန်ကြီးဌာနသုံးခုအတွက် ရက် ၁၀၀ စီမံကိန်းအတွင်း လုပ်ဆောင်မည့် အစီအမံများ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်မည့် ကိစ္စများကို တွေ့ဆုံမေးမြန်းခဲ့သည်။

မဇ္ဈိမ ။  ။ ဝန်ကြီးပြောသွားတဲ့အထဲမှာ ဒီ နှစ်ပေါင်များစွာတည်းက ခပ်ကဲကဲလေးပြောရရင် လွတ်လပ်ရေးရပြီးကတည်းက ချင်းပြည်နယ်က အပယ်ခံဖြစ်နေတယ်။ အခုမှ ဒီ NLD အစိုးရ တက်လာတဲ့အချိန်မှ အခြေခံကောင်းတွေကို ပြန်လုပ်နေရတဲ့ အနေအထားဆိုတဲ့အခါကျတော့ ဒီ ပြီးခဲ့တဲ့ အစိုးရပေါ့နော် တပ်မတော်အစိုးရပဲဖြစ်ဖြစ် အရပ်သားတစ်ပိုင်းဖြစ်တဲ့ ဦးသိန်းစိန် အစိုးရပဲဖြစ်ဖြစ်ပေါ့နော် ဒီအစိုးရအဆက်ဆက်နဲ့ ဝန်ကြီးတို့ NLD အစိုးရနဲ့ ဒီ စီမံခန့်ခွဲမှုပဲဖြစ်ဖြစ် အရည်အသွေးပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ဘာတွေများ ကွာခြားမလဲခင်ဗျ။

ဝန်ကြီး ။  ။ အဓိက လိုရင်းကတော့ အရင် ငါးနှစ်ပေ့ါနော်။ ငါးနှစ်လို့ ကျွန်တော် မပြောလိုဘူး။ အရင်ငါးနှစ်မှာ ချင်းပြည်နယ်အစိုးရက သူတို့ စိတ်ကောင်း စေတနာကောင်းတွေနဲ့ ကြိုးစား လုပ်ဆောင်ခဲ့တာ ကျွန်တော် တွေ့ရပါတယ်။ သူတို့ မလုပ်ခဲ့ဘူးလို့ ကျွန်တော် မပြောဘူး။ ယုံယုံကြည်ကြည်နဲ့ ကျွန်တော် ပြောနိုင်တဲ့ကိစ္စက အရင် ငါးနှစ် တာဝန်ယူတဲ့ အစိုးရသည်လည်းပဲ ကောင်းကောင်းလုပ်ခဲ့ပါတယ်။ သူတို့ လုပ်ချင်ခဲ့တယ်။ သို့သော် အခက်အခဲတစ်ခုက ဘာလဲဆိုရင် အပေါ်အောက် ဆက်ဆံရေးမှာဖြစ်တယ်။ အပေါ်အောက် ဆက်ဆံရေးမှာ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် အားရပါးရ ပြောလို့မရတာမျိုးတွေရှိတယ်။ အကန့်အသတ်တွေရှိတယ်။ ဆိုလိုချင်တာက ပြည်ထောင်စုမှာ တာဝန်ယူတဲ့ဥစ္စာသည် ဗိုလ်ချုပ်ဟောင်းတွေဖြစ်တယ်။ ပြည်နယ်မှာ တာဝန်ယူတဲ့သူတွေသည် အရပ်သားတွေများတယ်။ နောက် ဗိုလ်မှူးချုပ်ဟောင်းက ဝန်ကြီးချုပ် လုပ်ဆောင်တာဖြစ်တယ်။ ဆိုတော့ အဲ့နေရာမှာ တပ်ပုံစံ ဆက်ဆံမှုဖြစ်တဲ့အခါမှာ အပေါ်အောက် ဆက်ဆံမှု သွားတဲ့အခါမှာ တပ်ပုံစံဖြစ်တဲ့အတွက်ကြောင့် အပေါ်က လုပ်ပေးတယ်။ အောက်က သိပ်မပြောနဲ့ဆိုတဲ့ ပုံစံနဲ့ ချင်းမှမဟုတ်ဘူး။ တိုင်းနဲ့ပြည်နယ် အားလုံးကို ဒီပုံစံသွားတဲ့အတွက်ကြောင့်မို့ ချင်းပဲ လုပ်လို့မရတဲ့ဟာကို အခြား တိုင်းနဲ့ပြည်နယ်တွေ လုပ်လို့မရတဲ့ဥစ္စာ အများကြီးပါတယ်။ သို့သော် ကျွန်တော်တို့ NLD အစိုးရသစ် ဖြစ်လာတဲ့အခါမှာ အဲ့ဒီဆက်ဆံရေး မဟုတ်ဘူး။ တပ်ပုံစံ ဆက်ဆံရေးမဟုတ်ဘူး။ ကျွန်တော်တို့သည်လည်း သွားတဲ့အခါမှာ ကိုယ့်စိတ်ထဲမှာ ကိုယ်ယုံကြည်တဲ့ ကိစ္စ ကိုယ်ပြောသင့်တယ်ဆိုတဲ့ကိစ္စ ကျွန်တေ်ာတို့ ပြောကြရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ သွားနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ကိစ္စ Freedom from Fear အကြောက်တရားကနေ ရုန်းထွက်မယ်ဆိုတဲ့အခါမှာ Administrative Level မှာ ရှိတဲ့ အုပ်ချုပ်ရေးယန္တရားကို တာဝန်ယူတဲ့ ကျွန်တော်တို့တွေသည် ကိုယ်ယုံကြည်တဲ့ကိစ္စ ကိုယ်ဖြစ်သင့်တယ်ဆိုတဲ့ကိစ္စ ဒါတွေကို ကျွန်တော်တို့ ပြောရမှာသည် ကျွန်တော်တို့ တာဝန်ဖြစ်တယ်။ ဒီနေ့ ကျွန်တော် မှန်တာပြောလို့ နောက်နေ့ ကျွန်တော့်ကို ဖြုတ်လိုက်မယ်ဆိုရင် ဖြုတ်လိုက် ကိစ္စမရှိဘူး။ ဆိုတော့ ဒါက အရင်မှာ မဖြစ်ခဲ့ဘူး။ အပြင်မှာ မဖြစ်ခဲ့ဘူး။ အခု ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အဲ့ဒီစိတ်ကို ကျွန်တော်တို့ မွေးယူရမယ်။ အဲ့ဒီဟာကို ကျွန်တော်တို့ လုပ်လို့ရတယ်။ အဲ့တော့ ကိုယ့်ပြည်နယ်အတွက် ကိုယ့်တိုင်းပြည်အတွက် ကိုယ်လုပ်သင့်တယ်ဆိုတဲ့ ကိစ္စ၊ တင်ပြသင့်တယ်ဆိုတဲ့ကိစ္စ၊ ပြောရမယ်ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ ပြောရဲတယ်။ ပြောနိုင်တယ် အနေအထားမျိုးရှိတယ်။ မဟုတ်တာလုပ်တဲ့ အလုပ်မျိုးမဟုတ်ဘူး။ နောက်တစ်ခုကလည်းပဲ လက်ရှိအနေအထားမှာ စေတနာတော့ တူပါတယ်။ လက်ရှိ ကျွန်တော်တို့ ထားတဲ့စေတနာ အရင်က ငါးနှစ်အတွင်းက ချင်းပြည်နယ်ပေါ်ထားတဲ့ အစိုးရစေတနာ တူပါတယ်။ သို့သော် လုပ်နိုင်တဲ့ အခင်းအကျင်း၊ နိုင်ငံတော်ရေအရ အခွင့်အလမ်းပေးနိုင်တဲ့ အနေအထား ဒါတွေက မတူဘူး။ ဆိုတော့ အဲ့ဒါတွေက ချင်းပြည်နယ်လိုမျိုး ဖွံ့ဖြိုးတိုးတက်မှု နည်းတဲ့နေရာတွေက ပိုတောင် နောက်ကျသေးတယ်။ ဆိုတော့ တချို့နေရာတွေမှာက ဘက်ဂျက်တွေ အများကြီး မတောင်းခဲ့တာ မတောင်းရဲတာတွေ ပါပါတယ်။ အဲ့တော့ ပြောမယ်ဆိုလို့ရှိရင် ဘာပဲပြောပြော လွန်ခဲ့တဲ့ငါးနှစ်မှာ တာဝန်ယူခဲ့တဲ့ အစိုးရကို ကျွန်တော် လေးစားပါတယ်။ သူတို့တွေကို ချီးကျူးပါတယ်။ သူတို့တွေ အခက်အခဲတွေ အများကြီးကြားထဲကနေ ရုန်းကန်ခဲ့ရတာတွေကိုလည်း ကျွန်တော်တို့ အသိအမှတ် ပြုပါတယ်။ သို့သော်လည်းပဲ အခင်းအကျင်းက ဘာရှိသလဲဆိုရင် ပြည်ထောင်စု တစ်ခုလုံးအနေနဲ့ အခင်းအကျင်းက အဲ့သလိုမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ စေတနာ ဘယ်လောက်ပဲရှိရှိ စေတနာက လက်တွေ့မှာ မပေါ်လာနိုင်ဘူး။ အခုက ကျွန်တော်တို့ အနေအထားက ကျွန်တော်တို့ လူထုခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်တဲ့အနေအထားမှာ ကျွန်တော်တို့ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ပြည်နယ်အတွက် ကိုယ့်တိုင်းဒေသကြီးအတွက် ကိုယ်လုပ်နိုင်တဲ့ဟာ ဒါက ကျွန်တော်ရဲ့ အားပဲ။ ဆိုတော့ မဟုတ်တာလုပ်တာမဟုတ်ဘူး။ ဟို လုပ်သင့်တယ်ဆိုတဲ့ကိစ္စ လုပ်ဖို့လိုအပ်မယ်ဆိုတဲ့ ကိစ္စ ဒါတွေကို ကျွန်တော်တို့ လွတ်လွတ်လပ်လပ်ပြောမယ်။ ဒါပေမယ့် ပြောပြီးတော့ ဖြစ်ရမယ်မဟုတ်ဘူး။ ဆွေးနွေးတယ်။ တိုင်ပင်တယ်။ ပညာရှင်များရဲ့ အကူအညီယူတယ်။ ဆွေးနွေးတိုင်ပင်တဲ့အထဲကနေ ထွက်လာတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့သည် တစ်သွေး တစ်သံ တစ်မိန့် ငါပြောရင် မှန်တယ် ငါလုပ်တဲ့အတိုင်းလုပ်ဆိုတဲ့ ပုံစံမဟုတ်ဘူး။ အဲ့ဒီအတွက်ကြောင့်မို့ ကျွန်တော်ထင်တယ်။ ဒါက အရင်ငါးနှစ် အခုငါးနှစ် ကွာဟချက်ပေါ့နော်။

မဇ္ဈိမ ။  ။ အချိန်လေးလည်း နဲနဲလင့်လာပြီဆိုတော့ ကျွန်တော် မေးခွန်းကို ချုပ်ပါမယ်။ ခုနကတုန်းက ကျွန်တော်တို့ စောစောက ပြောခဲ့သလိုပါပဲ ကျွန်တော်တို့ ဒီ မြန်မာပြည်သူလူထုက NLD အစိုးရအပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ပြီးတော့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတယ်ပေါ့နော်။ ဝန်ကြီးအနေနဲ့ကော ဝန်ကြီးတို့အစိုးရအပေါ်မှာ မဲပေးခဲ့ကြတဲ့ ချင်းပြည်သူလူထုကို ဘာများ Message (သတင်းစကား) ပေးချင်သလဲခင်ဗျာ။

အင်တာဗျုး ဗွီဒီယိုဖိုင်အားကြည့်ရန်-https://www.facebook.com/MizzimaDaily/videos/1192180764150160/

ဝန်ကြီး ။  ။ အဓိကကတော့ လူထုကတော့ NLD ပါတီကို သူတို့ ချင်းပြည်နယ်ရဲ့ လက်ရှိ အနာဂါတ်ကို ပံ့ပိုးနိုင်ဖို့၊ ဦးဆောင်နိုင်ဖို့၊ လမ်းကြောင်း ဆွဲပေးနိုင်ဖို့ဆိုပြီး သူတို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့တော့ အဲ့လို ရွေးခဲ့ပေးတဲ့ အတွက်ကြောင့်မိုလို့ပဲ ဒီနှစ် ချင်းပြည်နယ်မှာ NLD သည် အများစု၊ ZCD ပါတီက အထိုက်အလျောက် ရပါတယ်။ အဲ့တော့ ရပြီးတော့လည်း သူတို့ လက်ရှိ ဒီပြည်နယ်အစိုးရမှာ ဝန်ကြီးနေရာ ခွဲချပေးပါတယ်။ အဲ့တော့ အဲ့ဒီနေရာမှာ NLD ကော ZCD ကော ခွဲခြားမှု မရှိပါဘူး။ အားလုံးသည် ဝိုင်းလုပ်ကြတဲ့ သဘောပေါ့။ ထိုနည်းတူပဲ ချင်းပြည်နယ်မှာ လူထုတွေ တော်တော်များများ ထောက်ခံတဲ့ ချင်းနိုင်ငံရေးပါတီများ ရှိပါတယ်။ အဲ့တော့ ချင်းနိုင်ငံရေး ပါတီများသည် ရွေးကောက်ပွဲမှာ အနိုင်မရပေမယ့် အကုန်လုံးခြုံကြည့်ရင် အချိုးကျ ပြန်ခြုံငုံကြည့်တဲ့အခါ ချင်းပါတီများကို ထောက်ခံတဲ့ အရည်အတွက်လည်း နည်းတာမဟုတ်ဘူး။ အဲ့တော့ အထူးသဖြင့် ဒီ ချင်းပြည်နယ်မှာဆိုရင် NLD ပါတီအပါအဝင် ချင်းပါတီများအားလုံး တူညီတဲ့ ဘုံပန်းတိုင်ကတော့ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်ပိုင် တန်းတူညီမျှရှိရေး၊ ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်စီမံနိုင်တဲ့ အနေအထား ရရှိရေးဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့ ချင်းပြည်နယ် ပြည်သူလူထုတစ်ရပ်လုံးသည် အရေးကြီးတဲ့အချက်က ကျွန်တော်တို့ လက်ရှိအစိုးရသည် လူထုအစိုးရဖြစ်တယ်။ အရပ်သားအစိုးရဖြစ်တယ်။ လူထုအစိုးရဖြစ်တဲ့အတွက်ကြောင့်မို့ လူထုတွေးသလိုပဲ တွေးပါတယ်။ အရပ်သားအစိုးရဖြစ်တဲ့ အတွက်ကြောင့်မို့ အရပ်သားတွေးသလိုပဲ ကျွန်တော်တို့ တွေးပါတယ်။ အဲ့ဒီအတွက်ကြောင့် ချင်းတွေဖြစ်တဲ့အတွက်မို့ပဲ ချင်းလိုပဲ ကျွန်တော်တို့ တွေးပါတယ်။ အဲ့တော့ ကျွန်တော်တို့ကို အကြံဉာဏ်ပေးပို့ ကျွန်တော်တို့ကို အကူအညီပေးဖို့ ဘားမှ အကန့်အသတ် အဟန့်အတား မရှိပါဘူး။ နောက်တစ်ခု အရေးကြီးတဲ့အချက်က ကျွန်တော်တို့သည် အဆောင်အယောင်တစ်ခုအနေနဲ့ ဒီရာထူးတွေ ယူခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့သည် အလုပ်လုပ်ဖို့အတွက် ဝန်ကြီးနေရာယူခဲ့တာဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ မှားရင်ပြောပါ။ ကျွန်တော်တို့လုပ်တာမဟုတ်ရင် ဝေဖန်ပါ။ ကွယ်ရာမှာ မပြောပါနဲ့။ Facebook ပေါ်မှာ လျှောက်မပြောပါနဲ့။ တည့်တည့်ပြောပါ။ လူတွေ့ချင်းပြောပါ။ ဖုန်နဲ့ ပြောပါ။ ကျွန်တော်တို့မှားရင် ဆုံးမပါ။ လွဲတာရှိရင် ပြင်ပါ။ ဘေးထိုင်ဘုပြောလို့ ကျွန်တော်တို့ ဘာမှမပြောင်းနိုင်ဘူး။ ကွယ်ရာမှာပြောလို့ ကျွန်တေ်ာတို့ ဘာပြင်ရမလဲဆိုတာ ဘာမှမသိဘူး။ အဲ့တော့ ကျွန်တော်အပါအဝင် အစိုးရအဖွဲ့သစ်မှာ ပါဝင်သော ဝန်ကြီးများအနေနဲ့ တစ်စုံတစ်ရာ လွဲမှားချွတ်ချော်ခဲ့တဲ့ကိစ္စ၊ လူထုက သဘောမကျရင် ကိစ္စ၊ လူထုက နားမလည်တာတဲ့ ကိစ္စရှိတယ်။ အချိန်မရွေး ကျွန်တော်တို့ကို ပြောဆိုနိုင်ပါတယ်။ ဆုံးမနိုင်ပါတယ်။ ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။ အထူးသဖြင့်ကတော့ ကျွန်တော်တို့ ဒီ အရပ်သားအစိုးရ ဖြစ်တဲ့အတွက်ကြောင့်မို့ အရပ်သားလို တွေးပါမယ်။ လူထုအစိုးရဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ လူထုကြားမှာပဲ ရှိပါမယ်။ ကျွန်တော်တို့နဲ့ တွေ့ဖို့ ကျွန်တော်တို့နဲ့ အပွိုင့်မန့် ယူဖို့လည်း အဟန့်အတားမရှိပါဘူး။ PA တွေနဲ့လည်း ကျွန်တော်တို့ အလုပ်မလုပ်ပါဘူး။ PA နဲ့ တစ်ဆင့်သွားတာလည်း မလုပ်ပါဘူး။ ကျွန်တော်တို့ ဝန်ကြီးတွေကို တိုက်ရိုက်ခေါ်လို့ ရပါတယ်။ ပြောလို့ရပါတယ်ဆိုတဲ့အကြောင်း ဖော်ပြချင်ပါတယ်။ အရေးကြီးဆုံးအချက်က ကျွန်တော်တို့ ဒီ တိုင်းပြည်အလှည့်အပြောင်းမှာ ကျွန်တော်တို့ ဒီ NLD ပါတီမှာ ဦးဆောင်တဲ့ နိုင်ငံတော် အစိုးရသစ် လွှတ်တော်သစ်နဲ့ ကျွန်တော်တို့ ဆောင်ရွက်ကြတဲ့အခါမှာ အထူးသဖြင့် လူထုအနေနဲ့က ကျွန်တော်တို့က ချက်ချင်း တာထွက်နိုင်တာမဟုတ်ဘူး။ ကျွန်တော်တို့က အရင်တုန်းက ရှိခဲ့တဲ့ အကြွင်းအကျန် လုပ်ငန်းအကျွေးတွေကို ပြန်ပြီးတော့ လက်စလက်န သတ်ရတာတွေ အများကြီး အများကြီး ရှိပါတယ်။ သို့သော် ဒီနေရာမှာ အရေးကြီးဆုံးက လူထုခေါင်းဆောင် (နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်)လည်း ပြောပါတယ်။ နိုင်ငံတော်သမ္မတကလည်း ပြောပါတယ်။ ဘယ်သူ့ ဘယ်သူကိုမှ အပြစ်တင်မှာ မဟုတ်ဘူး။ အကောင်းဆုံးပဲ လုပ်မယ်ဆိုတဲ့ဟာမှာ ကျွန်တော်တို့ နှစ်ဆ အလုပ်လုပ်ရပါတယ်။ လက်ရှိအနေအထားတွေကိုလည်း ထိန်းရမယ်ဖြစ်သလို နောက်ထပ် အခြေခံကောင်းများကို ချမှတ်ပြီးတော့ ကျွန်တော်တို့ ကြိုးစားနေတာဖြစ်တဲ့အတွက်ကြောင့်မို့ ဝိုင်းကူပါ ဝိုင်းအကြံပေးပါ ဝိုင်းလက်တွဲပါလို့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly