ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ကျောင်းသား သမဂ္ဂများပြုလုပ်မည်

ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ကျောင်းသား သမဂ္ဂများပြုလုပ်မည်

ရန်ကုန်၊ ဇူလိုင် ၆  ။      ။ တော်လှန်ရေး ကောင်စီက ရန်ကုန် တက္ကသိုလ် ကျောင်းသားများအား ဝင်ရောက်ပစ်ခတ်ခဲ့သည် ဇူလိုင် ၇ ရက် အထိမ်းအမှတ်အဖြစ် ကျောင်းသားသမဂ္ဂများက ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းရှိ သမဂ္ဂ မြက်ခင်းပြင်သို့ သွားရောက် အလေးပြုမည်ဟု ကျောင်းသားသမဂ္ဂများထံက သိရသည်။

ဇူလိုင် ၇ရက် နံနက် ၈နာရီတွင် ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းရှိကျောင်းသား သမဂ္ဂမြက်ခင်းပြင်၌ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ (ဗကသ) မှ ကျောင်းသားများက သွားရောက် အလေးပြုခြင်း၊ စတစ်ကာများ ဖြန့်ဝေခြင်း နှင့် ဗကသ ကြေညာချက်ကို ဖတ်ကြားမည်ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(တကသ)ကလည်း ညနေ ၃ နာရီအချိန်တွင် လှည်းတန်း စံရိပ်ငြိမ်အနီးတွင် စုစည်းကာ ညနေ ၄ နာရီခန့်တွင် သွားရောက် အလေးပြုမည်ဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုရှိန်းရာဇာထွန်းက “ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ လွတ်မြောက်သွားဖို့ ပုံစံမျိုးစုံနဲ့ တိုက်ပွဲဝင်သွားမယ်။ ပြီးတော့ အနယ်နယ်အရပ်ရပ်က ရှိတဲ့ ဗကသကျောင်းသားတွေက သူ့တို့ဒေသမှာလည်း အထိမ်းအမှတ်ပွဲတွေ လုပ်သွားမှာပါ”ဟုပြောသည်။

ဇူလိုင် ၇ ရက်အထိမ်းအမှတ် အခမ်းအနားများကို ပုသိမ်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဗန်းမော်မြို့နယ်၊ တောင်ကြီးမြို့နယ်၊ မန္တလေးမြို့ အသီးသီးရှိ ဗကသ ကျောင်းသားများက ပြုလုပ်သွားမည်ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုနန်းလင်းက “ကျောင်းသားတွေက တိုင်းပြည်အတွက် အမြဲအသင့်ရှိနေတယ်။ စစ်သားက စစ်သားနေရာမှာ မနေလို့ ကျောင်းသားတွေက စာသင်ခန်းထဲမရှိဘဲ သမဂ္ဂဖွဲ့ပြီး နိုင်ငံရေး လုပ်ခဲ့ရတယ်။ အခုလည်း အခြေအနေကလည်း သမိုင်းအခြေအနေနဲ့ တူနေတယ်။”ဟုပြောသည်။

တကသ အဖွဲ့ဝင်များသည် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သမဂ္ဂမြက်ခင်းပြင်သို့ သွားရာ လမ်းတစ်လျှောက်တွင် ဗီနိုင်းများ ကိုင်ဆောင်ခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းတို့ပြု လုပ်မည်မဟုတ်ဘဲ ငြိမ်သက်စွာဖြင့် သွားရောက်အလေးပြုမည်ဖြစ်ကာ ခွင့်ပြုမိန့်တင်ထားခြင်းမရှိဟုလည်း ကိုနန်းလင်းက ပြောသည်။

ဇူလိုင် ၇ ရက် အထိမ်းအမှတ် သဘောထားကြေညာချက်တစ်စောင်ကိုလည်း ဇူလိုင်လ ၆ရက် ရက်စွဲဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သေးသည်။

ကြေညာချက်တွင် လက်ရှိ အစိုးရနှင့် လွှတ်တော်သည် ကျောင်းသားသမဂ္ဂများ၏ တည်ရှိမှု အခန်းကဏ္ဍကို ငြင်းဆန်နေကြပြီး စစ်ကျွန်ယန္တရား လည်ပတ်ရေး ထောက်တိုင်ဖြစ်ကာ လေးပွင့်ဆိုင် ကတိကဝတ်များကို ချိုးဖောက်ခဲ့ခြင်းက ယင်းအချက်များကို ပိုမိုပေါ်လွင်စေသည်ဟု ဖော်ပြထားသည်။

ဒီမိုကရေစီပညာရေးစနစ် ပေါ်ထွန်းလာစေရန် အမျိုးသားပညာရေးဥပဒေကို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ် သပိတ်မှောက်ခဲ့ကြ သည့် ကျောင်းသား/သူများကို အကျဉ်းထောင်ချကာ ဖမ်းဆီးတရားစွဲဆိုခြင်းသည်များကိုလည်း ဗကသ အဖွဲ့ချုပ်က ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုံချသည်ဟုလည်း ကြေညာချက်တွင် ပါဝင်သည်။

၁၉၆၂ ခုနှစ် မတ်၂ ရက်တွင် ဗိုလ်ချုပ် နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ပြီးနောက်တွင် ကျောင်း သားများက အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဇွန်လ ကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းဆောင်ဥပဒေ ၂၂ ချက်ကို ထုတ်ပြန်ခဲ့ခြင်းကြောင့် ဇူလိုင်လအတွင်းမှ စတင်ကာ တက္ကသိုလ်များ အတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၇ ရက်တွင် တော်လှန်ရေး ကောင်စီမှ ရန်ကုန်တက္ကသိုလ် ဝင်းအတွင်း ဝင်ရောက် ပစ်ခတ် နှိမ်နှင်းမှုကြောင့် ကျောင်းသားများစွာ သေဆုံးခဲ့ပြီး ဇူလိုင် ၈ ရက်တွင် ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ဗုံးခွဲ ဖျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags