၂၀၀၂ ခုနှစ်က ဂူဂျာရတ် အဓိကရုဏ်းအတွင်း အဓိကကျူးလွန်ခဲ့သူ တရားခံ ၂၄ ဦးကို အိန္ဒိယ တရားရုံးက စီရင်ချက်ချတော့မည်

၂၀၀၂ ခုနှစ်က ဂူဂျာရတ် အဓိကရုဏ်းအတွင်း အဓိကကျူးလွန်ခဲ့သူ တရားခံ ၂၄ ဦးကို အိန္ဒိယ တရားရုံးက စီရင်ချက်ချတော့မည်

ဇွန် ၂ ။                ။ ၂၀၀၂ ခုနှစ်က အိန္ဒိယ နိုင်ငံ ဂူဂျာရတ်ပြည်နယ် ဘာသာရေးအဓိကရုဏ်းများအတွင်း လူအစုလိုက်အပြုံလိုက်အသတ်ခံရမှုဖြစ်စဉ်တွင် အဓိက ပါဝင်ကျူးလွန်ခဲ့သူ ၂၄ ဦးကို ဇွန်လ ၂ ရက်တွင် အိန္ဒိယတရားရုံးတစ်ခုက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

၎င်းတရားခံများသည် အဆိုပါ မွတ်ဆလင် ဆန့်ကျင်ရေးအဓိကရုဏ်းအတွင်း လူပေါင်း ၆၉ ဦးကို မီးရှို့သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့သည်ဟု တရားသူကြီး ပီဘီ ဒီဆိုင်က ပြောသည်။ သီတင်းပတ်ကြာ အဆိုပါ ဘာသာရေး အဓိကရုဏ်းများအတွင်း အကြမ်းဖက်သူများက လူနေအဆောက်အအုံများအတွင်း ပုန်းအောင်းနေသူများအား လိုက်လံတိုက်ခိုက်ခဲ့မှုများရှိခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးအတွင်း စုစုပေါင်း လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရသည်။

 ယင်းအချိန်က အဆိုပါ ဂူဂျာရတ် ပြည်နယ် ဝန်ကြီးချုပ် ဖြစ်နေသည့် လက်ရှိ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒါမိုဒီ မှာလည်း ၎င်း၏ ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်များကို မျက်ကွယ်ပြုထားခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ယင်းနောက် နှစ်ပေါင်း ၁၄ နှစ်ကြာ ယင်း အမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများနောက်ပိုင်း ယခုအခါ တရားရုံးက လူပေါင်း ၂၄ ဦးကို အပြစ်ရှိကြောင်း ထင်ရှားသည်ကို တွေ့ရှိခဲ့ရပြီးနောက် မကြာမီ စီရင်ချက်ချတော့မည်ဖြစ်သည်။ သို့ရာတွင်လည်း အခြား စွဲချက်တင်ခံထားရသူ ၃၆  ဦးကိုတော့ သက်သေအထောက်အထားထင်ရှားမှု မရှိခြင်းကြောင့် လွှတ်ပေးခဲ့ရပြီဖြစ်သည်။

" ခုဆိုရင်တော့ တရားခံ ၂၄ယောက်ကို အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ပါပြီ၊ ဒါပေမယ့်လည်း ကျန်တဲ့ ၃၆ ယောက်က သက်သေမရှိလို့ဆိုပြီး လွှတ်ပေးလိုက်ပါတယ်၊ ဒါဟာ တကယ့်ကို တရားမျှတမှုမရှိတာပါပဲ၊ ကျွန်မတို့ကတော့ အဆုံးအထိ တိုက်ပွဲဝင်သွားမှာပါ" ဟု ယင်းအဓိကရုဏ်းအတွင်း လင်ယောက်ျားကို ဆုံးရှုံးထားခဲ့သူ ဇာကီယာ ဂျာဖရီက သတင်းထောက်များကို ပြောကြားသွားသည်။

နှစ်ကာလများစွာကြာမြင့်ခဲ့သော ယင်း အမှုတွင် မျက်မြင်သက်သေ ၃၀၀ ကျော် ထွက်ဆိုချက်ပေးထားခဲ့ရသည်။ ယင်းတရားခံများအား လာမည့် သီတင်းပတ်ထဲတွင် ပြစ်ဒဏ် အသီးသီးချမှတ်သွားတော့မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly