နာမည်ကြီး အမျိုးသား အဆိုရှင် ငါးဦး ပါ၀င်မည့် သတိရနေတဲ့သီချင်း ဖျော်ဖြေပွဲ လက်မှတ် ရောင်းပြီ

နာမည်ကြီး အမျိုးသား အဆိုရှင် ငါးဦး ပါ၀င်မည့် သတိရနေတဲ့သီချင်း ဖျော်ဖြေပွဲ လက်မှတ် ရောင်းပြီ

ရန်ကုန် ၊ ဇူလိုင် ၆ ။     ။ သတိရနေတဲ့သီချင်း အမည်ဖြင့် ဝါရင့် နာမည်ကြီး အဆိုတော် ငါး ဦးပါဝင်သည့် ဂီတဖျော်ဖြေပွဲ အတွက် ဇူလိုင် ၆ရက် မှ စတင်ကာ လက်မှတ်များ စတင် ရောင်းချ ပေးနေပြီ ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးပီးပေါ်က မဇ္ဈိမကို ပြောသည်။

ထို ဂီတ ဖျော်ဖြေပွဲကို Pee Paw (Live) Music Production & Entertainment မှ စီစဉ် တင်ဆက်ခြင်း ဖြစ်ပြီး တစ်ချိန်က ဂီတလောကတွင် အောင်မြင် ခဲ့သည့် ဘိုဘိုဟန် ၊ ခိုင်ထူး ၊ ချစ်ကောင်း ၊ ဂျေမောင်မောင် ၊ စံလင်း အဆိုတော် ငါးဦးက ဖျော်ဖြေ မည်ဖြစ်သည်။

ပွဲစီစဉ်သူ ဦးပီးပေါ်က " အရင်ကတည်းက ဒီပွဲလေးကို လုပ်ချင်နေတာ ကြာပါပြီ။ ပါဝင်တဲ့ အဆိုတော် တွေ နဲ့ ပတ်သက်ပြီး သတိရ နေတဲ့ သီချင်းတွေ ၊ အောင်မြင် ကျော်ကြား ခဲ့တဲ့ သီချင်းတွေကို နားထောင် ချင်တဲ့ ပရိသတ်တွေ အတွက် သတိရနေတဲ့ သီချင်း လို့ ပွဲနာမည် ပေးဖြစ်တာပါ" ဟု ပြောသည်။

ဖျော်ဖြေပွဲတွင် ပါဝင်မည့် အဆိုတော်များက တေးသီချင်း များစွာဖြင့် ဖျော်ဖြေမည် ဖြစ်သည့် အတွက် ပွဲကို အပိုင်း နှစ်ပိုင်း ခွဲပြီး ကျင်းပမည် ဖြစ်ကာ အဆိုတော်များက  ကိုယ်တိုင်တီးခတ်ပြီး ပရိသတ်များကို ဖျော်ဖြေမည် ဖြစ်သည်။

ဖျော်ဖြေပွဲ အတွက် လက်မှတ် ဈေးနှုန်းများကို ကျပ် သုံးသောင်း ၊ နှစ်သောင်း ၊ တစ်သောင်းနှစ်ထောင် ၊ ခုနှစ်ထောင်ဖြင့် သတ်မှတ် ထားပြီး လက်မှတ်များကို Taw Win Centre (Customer Service Level 2) ၊ မန်းသီရိ တေးသံသွင်း ၊ မြို့မကျောင်း လမ်းရှိ Champion Store တို့တွင် ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

အဆိုပါ ဂီတ ဖျော်ဖြေပွဲ ကို ဇူလိုင်လ ၁၁ ရက်တွင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး  ည ၇နာရီခွဲတွင် စတင် ဖျော်ဖြေမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly