လက်ထပ်ခွင့် တောင်းခြင်းကို ငြင်းဆန်ခြင်းကြောင့် ပါကစ္စတန်ကျောင်းဆရာမတစ်ဦး မီးရှို့အသတ်ခံရ

လက်ထပ်ခွင့် တောင်းခြင်းကို ငြင်းဆန်ခြင်းကြောင့် ပါကစ္စတန်ကျောင်းဆရာမတစ်ဦး မီးရှို့အသတ်ခံရ

ဇွန် ၂ ။            ။ ပါကစ္စတန် နိုင်ငံတွင် ကျောင်းဆရာမငယ်တစ်ဦး လက်ထပ်ခွင့်တောင်းခံမှုကို ငြင်းဆန်ခဲ့ခြင်းကြောင့် တောင်းခံသူအမျိုးသားဘက်မှ အုပ်စုတစ်စုက မီးရှို့သတ်ဖြတ်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မာရီယာ ဆာဒါခက် ဆိုသူ အသက် ၂၀ ပင် မပြည့်သေးသော ကျောင်းဆရာမငယ်လေးသည် မေလ ၂၉ ရက်က သူမ၏ နေအိမ်သို့ လူတစ်စု ရောက်ရှိလာခဲ့ပြီး မီးရှို့တိုက်ခိုက်ခဲ့ခြင်းကြောင့် မီးလောင်ဒဏ်ရာများ ရရှိကာ ဇွန်လ ၁ ရက်က အစ္စလမ်မာဘတ်ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်။

 မာရီယာသည် သူမ သင်ကြားနေသော ပုဂ္ဂလိကကျောင်း ပိုင်ရှင်၏ သားဖြစ်သူထံမှ လက်ထပ်ခွင့်တောင်းခံခဲ့ခြင်းကို ငြင်းဆန်ထားခဲ့သည်ဟု သူမ၏ မိသားစုဝင်များက ပြောသည်။

ယခုကဲ့သို့ အမျိုးသမီးများ လက်ထပ်ခွင့်တောင်းခံမှုများကို ငြင်းဆန်ခြင်းကြောင့် တိုက်ခိုက်ခံရမှုဖြစ်စဉ်များသည် ပါကစ္စတန်နိုင်ငံတွင် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ဖြစ်လာနေပြီဟု အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

ယခုအခါ အဆိုပါကျောင်းဆရာမငယ်အသတ်ခံရသည့် အမှုအား ပန်ဂျက်ဘ် ပြည်နယ် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှာရစ်ဖ် ကိုယ်တိုင် အရေးပေါ် စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

၎င်း၏ သမီးများ လာရောက်တိုက်ခိုက်သွားသူများထဲတွင် စာသင်ကျောင်း ပိုင်ရှင် ကိုယ်တိုင် ပါဝင်ခဲ့ကြောင်း မာရီယာ၏ ဖခင်ဖြစ်သူက ပြောသည်။ အခင်းဖြစ်ပွားချိန်က မာရီယာ၏ မိဘဆွေမျိုးများ အသုဘတစ်ခုသို့ သွားရောက်နေချိန် နေအိမ်တွင် မရှိခိုက် အမျိုးသား လေးဦး ရောက်ရှိလာပြီး သူမအား ရိုက်နှက်ကာ ဓါတ်ဆီဖြင့် လောင်းကာ မီးရှို့သွားခြင်းဖြစ်သည်။

ယင်းနောက်ပိုင်း မာရီယာမှာ ခန္ဒာကိုယ်အနှံ့ မီးလောင်ကျွမ်းခံရပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ယခု အခါ ကျူးလွန်သွားသူများထဲမှ အမျိုးသားသုံးဦးကို ဖမ်းမိခဲ့ပြီး နောက်ထပ်တစ်ဦးကိုလည်း ဖမ်းဝရန်းထုတ်ကာ ရဲများက ဆက်လက်ရှာဖွေလျက်ရှိသည်။
" မာရီယာက အဲဒီ ပုဂ္ဂလိကျောင်းမှာ ဝင်သင်နေတာပါ၊ အဲဒီမှာ ကျောင်းပိုင်ရှင်ရဲ့ သားက သူ့ကို လက်ထပ်ချင်လို့ ဆိုပြီး သူတို့ဘက်က လက်ထပ်ခွင့် ခြောက်ခါလောက် တောင်းထားခဲ့တာပါ၊ ဒါပေမယ့် အဲဒီကောင်လေးမှာက အိမ်ထောင်လည်း ရှိပြီး သမီးလေးတစ်ယောက်တောင်ရှိတဲ့သူပါ၊ သူတို့ဘက်က သူတို့သားနဲ့ လက်ထပ်ပြီး ကျောင်းမှာ မာရီယာကို ဆက်လုပ်စေချင်တာပါ၊ ဒါပေမယ့် ဒီဘက်က မာရီယာအဖေက ဒါကို ငြင်းခဲ့လို့ သူတို့ဘက် လက်တုန့်ပြန်တဲ့အနေနဲ့ ခုလို သတ်ခဲ့တာပါ" ဟု အသတ်ခံရသူ မိန်းကလေး၏ အဒေါ်ဖြစ်သူ အာစီယာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly