မလေးရှားတွင် အရက်သောက်ခွင့်အသက် ၂၁ နှစ်အထိ တိုးမြှင့်မည်

မလေးရှားတွင် အရက်သောက်ခွင့်အသက် ၂၁ နှစ်အထိ တိုးမြှင့်မည်

ကွာလာလမ်ပူ၊ ဇွန် ၂ ။              ။ မွတ်စလင်အများစုနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံတွင် အရက်သောက်ခွင့် အသက် ၁၈ နှစ်မှ ခွင့်ပြုထားခြင်းအား ငယ်ရွယ်သူများ အရက်သေစာသောက်စား အလွဲသုံးစားခြင်းများအား တားမြစ်နိုင်ရေးအတွက် လာမည့်နှစ်တွင် ၂၁ နှစ်သို့ တိုးမြှင့်သတ်မှတ်တော့မည်ဖြစ်သည်။
 
အဆိုပါ စည်းကမ်းကြပ်မတ်မှုက ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကာ အရက်ပုလင်းများတွင်လည်း ကျန်းမာရေးကို ပျက်စီးစေသည်ဟူသော သတိပေးချက်များ ရိုက်နှက် သွားရမည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီး ဆူဘရာမန်နီအမ်က ထုတ်ပြန်ချက်တွင် ပြောကြားသည်။
 
အရက်ရောင်းချသည့် ဆိုင်များတွင်လည်း အလားတူသတိပေးစာတမ်းများ ချိတ်ဆွဲကပ်ထားရမည်လည်းဖြစ်သည်။
 
ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြီးမှူးလုပ်ဆောင်နေသော “အရက်သေစာအန္တရာယ်ဖြစ်အောင် အသုံးပြုမှုများ လျှော့ချရေး ကမ္ဘာ့လုံးဆိုင်ရာ မဟာဗျူဟာ”အရ လုပ်ဆောင်ခြင်းလည်းဖြစ်ကြောင်း ဆူဘရာက ပြောသည်။
 
ဈေးပေါသည့် အရက်များကြောင့် ဝင်ငွေနည်း ပြည်သူများကြားတွင် လူမှုပြဿနာများကို မီးမွှေးပေးနေကြောင်း ဆူဘရာ၏ ပြောကြားချက်အား New Straits Times က ကိုးကားဖော်ပြသည်။
 
မလေးရှားနိုင်ငံသည် မွတ်စလင် ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး အစ္စလာမ်ဘာသာက အရက်သောက်သုံးခြင်းကို တားမြစ်ထားသည့် ဘာသာလည်းဖြစ်သည်။
 
အရက်အခွန် ကြီးလေးစွာကောက်ခံသည့် အာရှနိုင်ငံအချို့တွင် မလေးရှားနိုင်ငံလည်း ပါဝင်ကြောင်း မလေးရှားအဖျော်ယမကာလုပ်ငန်းရှင်များအသင်းက ပြောသည်။

လူဦးရေ သန်း ၃၀ နီးပါးရှိသည့် မလေးရှားနိုင်ငံတွင် အရက်သောက်သုံးသူဦးရေသည် ခန့်မှန်းခြေအားဖြင့် ၃ ဒဿမ ၅ သန်းရှိကြောင်း ယင်းအသင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly