ခေါင်းလောင်းသံများ မအက်စေချင်ပါ

ခေါင်းလောင်းသံများ မအက်စေချင်ပါ
ဓာတ်ပုံ-သူရ

အခုဆိုရင် မြန်မာနိုင်ငံတဝှမ်းမှာ စာသင်ကျောင်းတွေဆီက ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားလာကြရပြီဖြစ်ပါတယ်။ နှစ်လဝန်းကျင် ကျောင်းပိတ်ရက် ခေါင်းလောင်သံတိတ်ဆိတ်နေခဲ့ရာက အခုတော့ ကျောင်းတွေပြန်ဖွင့်လိုက်ပြီမို့ ကျောင်းတက်ခေါင်းလောင်းသံတွေ ပြန်လည်ကြားလာရ တာပါ။ မင်္ဂလာရှိတဲ့ ဇွန်လရဲ့ဗွေဆော်ဦးနေ့ရက်များပဲ ဆိုရမှာပါ။

စာသင်ကျောင်းတွေမဖွင့်ခင် ရက်ပိုင်းများကဆိုလျင် အင်တာနက် လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ မူလတန်းကျောင်းသားများငယ်များအတွက် ဆရာ ဆရာများရဲ့ သင်ကြားရေးလေ့ကျင့်မှု တွေကို ဆက်တိုက်ဆိုသလိုပဲ မြင်ခဲ့ကြ ကြားခဲ့ကြရပါတယ်။ ဆရာ ဆရာမတွေရဲ့ စိတ်ပါလက်ပါ လေ့ကျင့်နေကြမှုတွေနဲ့ သင်ကြားမှုနည်းစနစ်တွေအပေါ် လူတိုင်းလိုလိုက သဘောကျ နှစ်ခြိုက်ခဲ့ကြ ရပါတယ်။

အခုတော့ စာသင်ခန်းတံခါးတွေ ဖွင့်လိုက်ပါပြီ။ ကျောင်းတွေမဖွင့်မီရက်ပိုင်းအလိုက ပညာရေး ဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်တွေကိုလည်း လူတွေ အတော်လေးစိတ်ဝင်စားကြ ကြိုဆိုခဲ့ကြရ ပါသေးတယ်။ အထူးသဖြင့် ကျောင်းသားတွေကို ဝတ်စုံနဲ့စာအုပ်စာတမ်းတွေ အခမဲ့ထောက်ပံ့ကြမယ့် အစီစဉ်အပါအဝင် ကျောင်းဝင်ကြေး၊ ရံပုံငွေကောက်ခံခြင်း၊ ဈေးရောင်းခြင်း အစရှိတဲ့ တားမြစ်ကန့် သတ်ချက်များကိုလည်း ကြားရသူတိုင်းက ကြိုဆိုခဲ့ကြပါတယ်။ ဒီသတင်းတွေဟာ ပညာရေးဌာနအ တွင်းတွင်သာ မဟုတ်ဘဲ တိုင်းပြည်နဲ့အဝှမ်း ပွင့်လင်းမြင်သာစွာ ကြားခဲ့ကြရတာဖြစ်လို့လည်း ဒီနှစ်ရဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဟာ သိသာထင်ရှားဖြစ်လာခဲ့ပါတယ်။

ပညာရေး ပြုပြင်ပြောင်းလဲရေးမှာ သင်ရိုးညွှန်းတမ်းတွေဟာ ခေတ်မီပြီး မှန်ကန်ထိရောက်တဲ့ သင်ရိုးညွှန်းတမ်းတွေဖြစ်ဖို့ အရေးကြီးတာမှန်သလို ဆရာဆရာမတွေရဲ့သင်ကြားမှုရေချိန် ပြုပြင်ဖို့ မြင့်မားလာဖို့ကလည်း အင်မတန် အရေးကြီးပါတယ်။ အထူးသဖြင့် ပညာရေးနယ်ပယ်က အဂတိ လိုက်စားမှုကို ဒီနှစ်မှာ အတိအကျကန့်သတ်ပစ်လိုက်နိုင်တာဟာလည်း ပညာရေးနယ်ပယ်ရဲ့ ကနဦး ပြုပြင်ပြောင်းလဲမှု စတင်လိုက်တဲ့သဘောပါပဲ။

ပညာရေး ပြုပြင်ပြောင်းလဲမှုတွေထဲမှာ သတိပြုသင့်တဲ့အချက်က မြန်မာ့ပညာရေးနယ်ပယ်မှာ သမိုင်းဘာသာရပ်နဲ့ မိခင်ဘာသာဖြစ်တဲ့ မြန်မာဘာသာရပ်မှာ ကျောင်းသားတွေ စိတ်ဝင်စာမူ နည်းလွန်းသွားတာနဲ့ အဲဒီဘာသာရပ်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အံဝင်ခွင်ကျတဲ့ ခေတ်မီ မှန်ကန်တဲ့ ဘာသာရပ်တွေဖြစ်လာအောင် သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်ရေးဆွဲဖို့ လိုအပ်တာလည်း အမှန်ပါပဲ။

ကျနော်တို့ရဲ့ မြန်မာ့လူ့ဘောင်မှာ ကျောင်းဆရာဆရာမတွေရဲ့အခန်းကဏ္ဍဟာ မူလကတည်း က မြင့်မားလှပါတယ်။ ဘုရားနဲ့တစ်ဂိုဏ်းထဲ မိဘနဲ့ တတန်းစားထဲ ထားရှိခံရတဲ့သူများ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်းမြောက်များစွာ ပျက်စီးယိုယွင်းသွားရတဲ့ ပညာရေးစနစ်ကြီးနဲ့အတူ ဆရာ ဆရာမတွေလည်းပဲ အရေးမပါ မထိရောက်တဲ့လူတန်းစားတစ်ရပ်လို သဘောထားခံလာကြရပြီး စိတ်ဓါတ်အတွေးအခေါ်များကလည်း ကျွဲကူးရေပါဆိုသလို ယေဘုယျအားဖြင့် နိမ့်ပါးလာခဲ့ကြရပါ တယ်။ ဆရာဆရာမတချို့ဟာ စေတနာဆရာကနေ အသပြာဆရာတွေ ဖြစ်ကုန်ကြရပါတယ်။ ဒီလိုနဲ့ ပညာရေးကောင်းမွန်မှန်ကန်မှုနဲ့ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုက တိုက်ရိုက်အချိုးကျနေတာဖြစ်လို့ ပညာ ရေးစနစ်ကြီး မှားယွင်းတိမ်းစောင်းသွားတာနဲ့တပြိုင်နက် ကျနော်တို့တိုင်းပြည်လည်းပဲ ကမ္ဘာ့အလယ် မှာ မျက်နှာငယ်ရတဲ့ ပညာရေးနိမ့်ပါးတဲ့တိုင်းပြည် ဖြစ်ရပါတော့မယ်။

အခုတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အဝန်းအဝိုင်းအတွင်း ပညာရေးပြုပြင်ပြောင်းလဲမှု တွေ စတင်လာခဲ့ပြီလို့ယူဆရပါတယ်။ ကျောင်းတက်ခေါင်းလောင်းထိုးသံများနဲ့အတူ ကျနော်တို့ တိုင်းပြည်ရဲ့ ပညာရေးရောင်နီလည်း သန်းလာခဲ့ပြီလို့ ယူဆရပါတယ်။

တချိန်တုန်းက ကဗျာဆရာမ မအိက ကျနော်တို့တိုင်းပြည် ပညာရေးနိမ့်ကျသွားမှု ပညာရေး နယ်ပယ်ရဲ့ အားနည်းချို့ယွင်းမှုအပေါ်မူတည်ပြီး အသံအက်သွားသော ခေါင်းလောင်းကလေး ဆိုပြီး ကဗျာရေးခဲ့ပါတယ်။ မကြာတော့သောကာလမှာတော့ ကျနော်တု့ိတိုင်းပြည် ပညာရေးပြုပြင်ပြောင်း လဲမှုတွေ အောင်မြင်တိုးတက်လာတာနဲ့အမျှ ကျေုာင်းတက်ခေါင်းလောင်းသံများလည်း ချိုမြသာယာ လာပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly