မြန်မာ့ကျပ်ငွေ အာရှထိပ်တန်းငွေကြေးဖြစ်လာ

မြန်မာ့ကျပ်ငွေ အာရှထိပ်တန်းငွေကြေးဖြစ်လာ
 နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်တစ်ခုအတွင်းမှ ငွေစက္ကူထုပ်များကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)
 

ဆယ်စုနှစ်များစွာ အထီးကျန်ခဲ့ရာမှ မြန်မာနိုင်ငံသည် ထွန်းသစ်စနိုင်ငံဖြစ်လာသည့် လက္ခဏာတစ်ရပ်အဖြစ် နိုင်ငံသုံး ကျပ်ငွေသည့် ၂၀၁၆ ခုနှစ်တွင် အာရှ၏ ထိပ်တန်းငွေကြေးတစ်ရပ်ဖြစ်လာခဲ့သည်။

၁၉၉၀ နောက်ပိုင်း ပထမဆုံးပွင့်လင်းသည့် ရွေးကောက်ပွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ နိုင်ငံတော်အာဏာရခြင်း၏ စေ့ဆော်မှုဖြင့် ၂၀၁၂ ခုနှစ်အတွင်းက နိုင်ငံသုံးငွေကြေးကို ဈေးကွက်ပေါက်ဈေးအတိုင်း နိုင်ငံခြားငွေကြေးများနှင့် လဲလှယ်ခွင့်ပြုခဲ့ချိန်မှစကာ နှစ်စဉ် ငွေတန်ဖိုးကျဆင်းနေရာမှ တန်ဖိုးတက်လာသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရအုပ်ချုပ်မှု ၂၀၁၁ ခုနှစ်အတွင်း တရားဝင်ရုပ်သိမ်းသွားပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများ ပြန်လည်ရှင်သန်လာခဲ့ပြီး နိုဝင်ဘာရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက်ပိုင်း နိုင်ငံအတွက် ပိုမိုလမ်းပွင့်လာခဲ့သည်။ လက်ရှိ ကျပ်ငွေတန်ဖိုး ဈေးခိုင်နေကာ နောက်ထပ်အတက်ရိပ်တွင်လည်း ရှိနေသည်။

General Electric ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် ရောက်ရှိခဲ့သည့် Andrew Lee က မြန်မာနိုင်ငံတွင် စီးပွားရေးလာရောက်လုပ်ကိုင်ရန် ရွေးချယ်ခဲ့မှုက မှန်ကန်ကြောင်းကို ကျပ်ငွေတန်ဖိုးတက်ခြင်းက သက်သေထူပါကြောင်း ပြောသည်။ ငွေတန်ဖိုးခိုင်ခြင်းသည် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာနေသည့် စီးပွားရေးအတွက် လိုအပ်ချက်ဖြစ်သည်။ ဒေါ်လာအသုံးပြုရသည့် အစိုးရ၏ အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြုပ်နှံမှုများအတွက် ကုန်ကျစရိတ် လျော့ကျစေကာ ကုန်စည်တင်သွင်းမှုတွင်လည်း ဈေးချိုသာစေသည်။

"ကျပ်ငွေတန်ဖိုးတက်တာက စီးပွားရေးအတွက် ကောင်းမွန်တဲ့ အကြောင်းအရာပါ။ အစိုးရသစ်အပေါ်မှာလည်း မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာ အဆောက်အအုံတွေ တည်ဆောက်သွားဖို့ တော်တော်လေး လိုအပ်နေသေးတယ်ဆိုတာလည်း ကျွန်တော် အသိပါပဲ။"ဟု Lee က ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသစ်အပေါ် အကောင်းမြင်ထားသည့် ယုံကြည်မှုများလည်း ရှိနေသည်။ မြန်မာစီးပွားရေးက အိမ်နီးချင်းနိုင်ငံများထက် ဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်လိမ့်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ခန့်မှန်းထားသည်။ နိုင်ငံတွင် လိုအပ်နေသော စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် နည်းပညာစီမံကိန်းများအတွက် ၂၀၃၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်နိုင်အောင် စတင်လုပ်ဆောင်လျက်ရှိပြီလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများက ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံ တိုးတက်လာကာ ၉ ဒသမ ၄၈ ဘီလီယံရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly