စစ်အုပ်ချုပ်ရေးကို ဆန္ဒပြသည့် ကျောင်းသားများ အားပြန်လွှတ်ပေးမည် မဟုတ်ကြောင်း ထိုင်းစစ်ခေါင်းဆောင်ပြော

စစ်အုပ်ချုပ်ရေးကို ဆန္ဒပြသည့် ကျောင်းသားများ အားပြန်လွှတ်ပေးမည် မဟုတ်ကြောင်း ထိုင်းစစ်ခေါင်းဆောင်ပြော

ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသဖြင့် ဖမ်းဆီးထားသော ကျောင်းသားဆယ့်လေးဦးကို စစ်ခုံရုံးတင် မည်ဖြစ်ပြီး ပြန်လွှတ်ပေးဦးမည်မဟုတ်ကြောင်း စစ်တပ်အကြီးအကဲက ဇူလိုင် ၆ ရက်က ပြောသည်။

ဘန်ကောက်မြို့တွင် စစ်အုပ်ချုပ်ရေးအဆုံးသတ်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည့် ကျောင်းသားများကို ပြီးခဲ့သည့် လအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ တည်ငြိမ်အေးချမ်းရေးနှင့် အမိန့်အာဏာဆိုင်ရာ အမျိုးသားကောင်စီ စစ်အာဏာ သိမ်းအစိုးရက နိုင်ငံရေး စုရုံးလုပ်ဆောင်မှုများကို တားမြစ်ထားသည်။

ဖမ်းဆီးခံကျောင်းသားများအတွက် ပြည်တွင်းတွင်ပါမက ပြည်ပရှိ ထိုင်းနိုင်ငံသားများကပါ စိုးရိမ်ပူပန်မှုများ ကြီးထွားနေသည်။

ဘန်ကောက်မြို့တွင်းတွင်လည်း ဇူလိုင် ၃ ရက်က လူဆယ်ဦးကျော်ထက်မနည်းက နံရံများတွင် စာများရေးခြယ်ခဲ့သည်။ တစ်ချို့စာများတွင် ကျောင်းသား ၁၄ ဦး လွှတ်ပေး Free the 14 ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထိုင်းစစ်တပ်အကြီးအကဲ အူဒွမ်ဒက်စီတာဘော့က ကျောင်းသားများအပေါ် လူထုထောက်ခံမှုကို သိရှိသော်လည်း ပြန်လွှတ်ပေးရေးကို လက်မခံဘဲရှိသည်။

”လုံခြုံရေးတာဝန်ရှိသူတွေအနေနဲ့က ကျောင်းသားတွေကို ရန်သူလို မမြင်ပါဘူး။ တူလို သားလိုပဲ သဘောထားတာပါ။ အာဏာပိုင်တွေအနေနဲ့ သူတို့ကို ဖမ်းဆီးရတာကလည်း သူတို့ လုပ်ရပ်တွေက မှန်ကန်တဲ့လမ်းကြောင်းပေါ် မရှိလို့သာဖြစ် ပါတယ်။”ဟု အူဒွမ်ဒက်ကပြောခဲ့သည်။

”ကျွန်တော်တို့အနေနဲ့ ဥပဒေအတိုင်း စီရင်စေမှာဖြစ်ပါတယ်။ နောက်ပြီး သူတို့အမှုကို စစ်ခုံရုံးကို ပို့မှာဖြစ်ပါတယ်။”ဟု ၎င်းကပြောခဲ့သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly