အမုန်းခံ၍ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားဦးမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

အမုန်းခံ၍ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားဦးမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက်၊ ဇွန် ၁ ။           ။ နိုင်ငံတွင် မိမိအပေါ် မည်မျှပင် မုန်းတီးနေမှုများ ရှိနေပါစေ၊ အာဏာကို ဆက်လက်ရယူထားဦးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဇွန်လ ၁ ရက်တွင် ဝေဖန်သူများအား တုန့်ပြန်ပြောကြားလိုက်သည်။ နိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်မည့် ဆန္ဒခံယူပွဲတစ်ရပ် မပေါ်ပေါက်လာမီ ထိုင်း စစ်အစိုးရအပေါ် ဝေဖန်ပြစ်တင်မှုများ ပိုမို အရှိန်မြင့်လာချိန်တွင် ယခုကဲ့သို့ စစ်အာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ချန်အိုချာက ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ဝန်ကြီးချုပ် ချန်အိုချာသည် ပြီးခဲ့သည့် နှစ်နှစ်က နိုင်ငံတွင် ရွေးကောက်ခံအစိုးရတစ်ရပ်ထံမှ အာဏာကို သိမ်းယူထားခဲ့သူဖြစ်ကာ ဆယ်စုနှစ်ကြာ နိုင်ငံရေးအကွဲအပြဲများကို ကုစားပေးမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားသူဖြစ်သည်။

သို့ရာတွင်လည်း ၎င်း၏ စစ်အစိုးရအဖွဲ့ သည်  နိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုမှုများအပေါ် ထိန်းချုပ်ထားခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများအပေါ် ကန့်သတ်ခြင်း နှင့် နောက်ဖွဲ့မည့် အစိုးရသစ်တွင် စစ်တပ်အခန်းကဏ္ဍ ပိုမို ပါဝင်နိုင်ရေး ရည်ရွယ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲထားခြင်းတု့ိကို လုပ်ဆောင်ထားသည်။

" ကျွန်တော်ကတော့ နိုင်ငံမှာ ငြိမ်းချမ်းရေး နှင့် ဥပဒေစိုးမိုးမှု မရှိသရွေ့ကာလပတ်လုံး ဒီနေရာကနေ ဘယ်ကိုမှ သွားမှ မဟုတ်ပါဘူး၊ ဘယ်သူတွေ ဘယ်လောက်ပဲ မုန်းနေပါစေ၊ ကျွန်တော် ဆက်ရှိနေဦးမှာပါ" ဟု ဝန်ကြီးချုပ် ပရာယွတ်က ပြောကြားသွားသည်။

ယင်းနေ့ နံနက်ပိုင်းကလည်း ထိုင်း အဆိုတော်တစ်ဦး ထိုင်းဘုရင်ကို အသာရေဖျက်မှုဖြင့် ထောင်ဒဏ် ခုနစ်နှစ် ခွဲ ကျခံခဲ့ရသည့်ဖြစ်စဉ်နောက်ပိုင်း ယခုလို ဝန်ကြီးချုပ်က ၎င်းအပေါ်   ဝေဖန်ပြစ်တင်ထားသူများအား တုန့်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly