အကြမ်းဖက်မှု သံသရာ

အကြမ်းဖက်မှု သံသရာ

ဒီကနေ့ထုတ် သတင်းစာတချို့မှာ ဒီပဲယင်းအကြမ်းဖက်မှုကိစ္စနှင့်ပတ်သက်ပြီး ဆောင်းပါးများ ဖတ်ရပါတယ်။ ဆောင်းပါးများရဲ့ ရည်ရွယ်ချက်တွေထဲမှာ ဒီပဲယင်းလို အကြမ်းဖက်မှုမျိုး နောက်ထပ် မပေါ်ပေါက်စေရေးနဲ့ အဲဒီအကြမ်းဖက်မှုရဲ့ လက်သည်တရားခံများကို ဖေါ်ထုတ် အရေးယူသင့်တယ် ဆိုတဲ့ အမြင်နဲ့ ရေးသားကြတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု မျိုးစုံထဲက အဲဒီ ဒီပဲယင်း အကြမ်းဖက်မှုဟာ လူရာထောင် ချီရှိတဲ့ လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည် စီးလာတဲ့ကားနဲ့ နောက်ကလိုက်ပါသူ ကားတန်းကို ည အချိန်မတော် ဝိုင်းဝန်းရိုက်နှက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပေမယ့် အဲဒီ အကြမ်းဖက်မှုရဲ့ လက်သယ် တရာခံဟာ ဘယ်သူတွေလဲဆိုတာ အခုထက်ထိ ဖေါ်ထုတ်ခြင်းလည်းမရှိ   ဖေါ်ထုတ်အရေးယူ   ဆောင်ရွက်နိုင်ခြင်းလည်း မရှိတဲ့အချက်ဟာ တကယ့်ကို ပြောင်ပြောင်တင်းတင်း ထူးခြားတဲ့အချက်လို့ ဆိုရမှာပါ။

အကြမ်းဖက်မှုအကြောင်းတွေ မကြာခဏဆိုသလို ကြားကြရပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကို လူနှစ်ယောက်က ဓါးနဲ့လိုက်ခုတ်လို့ သေဆုံးရတဲ့အဖြစ်နဲ့ အမျိုးသမီး ရပ်ကျေးအုပ်ချုပ်ရေး မှူး တစ်ဦးကို အမည်မသိ လက်နက်ကိုင်များက မသေမချင်း သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတဲ့ အဖြစ်ဟာ အကြမ်းဖက်မှုတွေပါပဲ။

အကြမ်းဖက်မှုတွေဟာ စီးပွားရေး ကြပ်တည်းမှုကြောင့်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ ဒေါသ အလျောက်ပဲဖြစ်ဖြစ်၊ အစွန်းရောက် ယုံကြည်ကိုးကွယ်မှုအရပဲဖြစ်ဖြစ်၊ ခိုက်ရန်ဒေါသအလျောက်ပဲ   ဖြစ်ဖြစ် ဖြစ်ပွားကြလေ့ရှိပြီး အုပ်စုလိုက်ဖြစ်စေ တစ်ဦးချင်းဖြစ်စေ ဖြစ်ပွားပုံအမျိုးမျိုး ရှိပါတယ်။

အကြမ်းဖက်သူများကို ပွင့်လင်းမြင်သာစွာ ဥပဒေအရ ဖေါ်ထုတ်အရေးယူနိုင်ကြတာရှိသလို အမှုအခင်းအနေဖြင့်ပင်လျင် မှတ်တမ်းမဝင်ပဲ တရားခံမရှိ အလိုလို အချိန်ကြာမြင့်လာတာနဲ့အမျှ   မှေးမှိန်ပျောက်ကွယ်သွားတဲ့ အကြမ်းဖက်မှုများလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်စေ ဘယ်အ ကြမ်းဖက်မှုမဆို လက်ခံနိုင်ဖွယ်မရှိဘဲ တရားအရပြောရရင်တော့ ဘယ်အကြမ်းဖက်မှုမဆို ဥပဒေ အရသာ ဖေါ်ထုတ်နိုင်ခြင်းမရှိပေမယ့် လူတွေကြား မေ့ပျောက်သွားတယ်ရယ်လို့တော့ ဘယ်ရှိနိုင်ပါ့မ လည်း။ လူ့ကျင့်ဝတ်ရားအရ လူ့သိက္ခာတရားအရ ကြည့်မယ်ဆိုရင်လည်း တည်ဆဲဥပဒေဘောင် အပြင်ဖက် ထုတ်ထားရမယ့် ကိစ္စတွေ မဟုတ်ပါဘူး။

ယခုရက်ပိုင်းအတွင်းမှာပဲ  ဗင်နီဇွဲလားနိုင်ငံမှာ လူ ၁၁ ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့သတင်းနဲ့ ဘရာဇီးနိုင်ငံမှာ အသက် ၁၆ နှစ်အရွယ် မိန်းမငယ်တစ်ဦးကို အမျိုးသား ၃၀ ခန့်က အဓမ္မပြုကျင့် ခဲ့ကြတယ်ဆိုတဲ့ သတင်းဟာ လူအများစိတ်ဝင်းစားစေတဲ့ သတင်းတွေ ဖြစ်ပါတယ်။ ဘရာဇီးရဲတွေက သင်္ကာမကင်းရှိတဲ့ ရပ်ကွက်တွေထဲ စစ်ဆင်ရေးသဘော ဝင်ရောက်ရှာဖွေတဲ့အခါမှာလည်း အဓမ္မပြု ကျင့်သူလို့ ယူဆရသူ တစ်ဦးမှ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့်မို့လည်း ဘရာဇီးပြည်သူတချို့က လမ်းပေါ်ထွက်ပြီး အကြမ်းဖက်သူတွေကို ထိရောက်စွာ ဖေါ်ထုတ်အရေးယူဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ကျနော်တို့နိုင်ငံမှာလည်း ရက် ၁၀၀ စီမံချက်အရပဲဖြစ်ဖြစ် အခြေအနေအရပဲဖြစ်ဖြစ် ကျေးရွာနဲ့ ရပ်ကွက်တွေအတွင်း ရပ်ကွက်သူ ရပ်ကွက်သားတွေအပေါ် အကြမ်းဖက် ခြိမ်းခြောက် အနိုင်ကျင့်တဲ့ လူအုပ်စုတွေကို ရှာဖွေဖေါ်ထုတ်ဖမ်းဆီး အရေးယူနေတာမျိုးတွေ ကြားလာရပါတယ်။

တကယ်တော့လည်း အကြမ်းဖက်မှုဆိုရင် ဘယ်လိုအကြမ်းဖက်မှုမျိုးပဲဖြစ်ဖြစ် ကျနော်တို့ ပြည်သူများအနေနဲ့ လက်ခံနိုင်ဖွယ်ရှိတဲ့ကိစ္စ မဟုတ်ပါဘူး။

တရားခံဖေါ်ထုတ် အရေးယူနိုင်ခြင်း မရှိတဲ့ အကြမ်းဖက်မှုတွေ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဦးစွာပထမ တာဝန်ရှိသူဟာ သက်ဆိုင်ရာ တိုင်းပြည်တာဝန်ရှိသူများ ဖြစ်ကြတယ်ဆိုတာလည်း မငြင်း နိုင်ပါဘူး။ ဒီလို အဖြစ်မှန်နဲ့ တရားခံ ဖေါ်ထုတ် အရေးယူနိုင်ခြင်း မရှိနိုင်ခြင်းဟာ နိုင်ငံတစ်ခုရဲ့ ပုံရိပ်ကို ကျဆင်းစေပြီး သက်ဆိုင်ရာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေတယ်ဆိုတဲ့ အချက်ကိုလည်း ပြဆိုရာ ရောက်ပါတယ်။

အကြမ်းဖက်မှုတွေ ဘာ့ကြောင့်ဖြစ်နေရတာလဲ။ ဘာ့ကြောင့် အကြမ်းဖက်မှုတွေကို တရားခံ ဖေါ်ထုတ်ဖို့ အချိန်ကြာမြင့်နေရတာလဲ။ ဘာ့ကြောင့် အကြမ်းဖက်မှုတွေရဲ့ တရားခံ အစစ်အမှန်ကို မြန်မြန်နဲ့ မှန်မှန်ကန်ကန် ဖေါ်ထုတ် အရေးမယူနိုင်ကြရတာလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေအမှန်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဦးစွာပထမ တာဝန်ယူ ဖြေဆိုကြရမှာဖြစ်ပြီး ပြည်သူများအနေနဲ့ လည်း ဝိုင်းဝန်း အဖြေရှာကြရမှာဖြစ်ကြောင်း မဇ္ဈိမက တိုက်တွန်းလိုက်ပါတယ်။

Mizzima Weekly