အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က ဘတ်စ်ကားစီး ခရီးသည် ဒါဇင်ပေါင်းများစွာကို ပြန်ပေးဆွဲသွားခဲ့ပြီး ၁၆ ဦးကို သတ်ဖြတ်ပစ်ခဲ့

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က ဘတ်စ်ကားစီး ခရီးသည် ဒါဇင်ပေါင်းများစွာကို ပြန်ပေးဆွဲသွားခဲ့ပြီး ၁၆ ဦးကို သတ်ဖြတ်ပစ်ခဲ့

မေ ၃၁ ။             ။ အာဖဂန် နစ္စတန် မြောက်ပိုင်း ကွန်ဒက်ဇ်မြို့အနီး အဝေးပြေးလမ်းမပေါ်တွင် မေလ ၃၁ ရက်က မောင်းနှင်သွားလာခဲ့သော ဘက်စ်ကားနှစ်စီးကို တာလီဘန် စစ်သွေးကြွများက တားဆီးကာ ကားပေါ်ပါ ခရီးသည်များကို ပြန်ပေးဆွဲသွားခဲ့ပြီး အနည်းဆုံး ၁၆ ဦး ကို သတ်ဖြတ်ပစ်လိုက်သည်ဟု အစိုးရတာဝန်ရှိသူများက ပြောသည်။

ကာဘူးလ်မြို့မှ ဘက်ဒက်ခ်ရှန် မြို့သို့ သွားရောက်ခဲ့သော အဆိုပါ ဘတ်စ်ကားနှစ်စီးကို တာလီဘန်တို့က ရပ်တန့်စေခဲ့ကာ  ခရီးသည် ၁၈၅ ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း   ဒေသရဲတပ်ဖွဲ့အကြီးအကဲ က ပြောသည်။ ယခုအခါ ဖမ်းဆီးခံ ခရီးသည်များကို လိုက်လံကယ်တင်နိုင်ရေး အစိုးရနှင့် ရဲတပ်ဖွဲ့က လုပ်ဆောင်နေလျက်ရှိသည်။

"တာလီဘန်တို့က ခရီးသည် ၁၆ ယောက်ကို ပစ်သတ်လိုက်ပါပြီ၊ နောက်ထပ်လည်း အယောက် ၃၀ ကို ဆက်လက်ဖမ်းဆီးထားဆဲပါ၊ ကျန်တဲ့ လူတွေကတော့ ပြန်လွတ်လာကြပါပြီ၊ လောလောဆယ်  သူတို့လက်ထဲမှာ ရောက်နေတဲ့သူတွေကို ကယ်တင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်" ဟု ကွန်ဒက်ဇ် ဒေသ အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆေရက်ဒ် မာမွတ် ဒါနစ်ရှ်က ပြောသည်။

ယခု ဖမ်းဆီးထိန်းသိမ်းထားသော ခရီးသည်များကို ဗလီကျောင်းဆောင်တစ်ခုအတွင်း စစ်သွေးကြွများက ထိန်းသိမ်းထားပြီး ၎င်းတို့ကို အစိုးရနှင့် ချိတ်ဆက်မှု ရှိမရှိ၊ စစ်တပ်နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံများက သတင်းပေးပြောကြားသည်ဟု အေအက်ဖ်ပီသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ တာလီဘန်တို့ဘက်မှ တစ်စုံတစ်ရာမှတ်ချက်ပြု ပြောကြားခြင်း မရှိသေးသော်လည်း ယင်းနိုင်ငံတွင် တာလီဘန်နှင့် အခြားလက်နက်ကိုင်အုပ်စုများက ယခုကဲ့သို့ မကြာခဏဆိုသလို ဟိုက်ဝေးလမ်းပေါ် သွားလာနေသော ခရီးသွားများကို ပြန်ပေးဆွဲကာ သတ်ဖြတ်ခြင်းများ ပြုလုပ်တတ်လေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly