လာမည့်ဘဏ္ဍာနှစ်တွင် ဂျီဒီပီ ရဒဿမ ၈ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

လာမည့်ဘဏ္ဍာနှစ်တွင် ဂျီဒီပီ ရဒဿမ ၈ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

နေပြည်တော်(မေလ ၃၁ရက်၊ ၂၀၁၆ခုနှစ်)။ ။ စီးပွားရေးပြန်လည်ကောင်းမွန်လာခြင်းနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုပြန်လည်မြင့်တက်လာခြင်းတို့ကြောင့် ၂၀၁၆- ၂၀၁၇ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပုံမှန်ဈေးနှုန်းအရ ဂျီဒီပီ ၇ဒဿမ ၈ရာခိုင်နှုန်းခန့် မြှင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

မေလ ၃၁ရက်တွင် ထုတ်ပြန်လိုက်သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာအရ စိုက်ပျိုးရေးကဏ္ဍသည် ကာလတိုအတွင်း ပြန်လည်ဦးမော့လာပြီး ရင်းနှီးမြုပ်နှံလိုသူများ၏ ဝန်ဆောင်မှု လိုအပ်ချက်၊ အခြေခံအဆောက်အဦတည်ဆောက်မှုများသည် တိုတက်မှုအတွက် အဓိက မောင်းနှင်အားဖြစ်လာရန်လည်း ခန့်မှန်းထားသည်။

"အစိုးရအနေနဲ့ ယခုဆောင်ရွက်နေတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ဖို့ ဆက်လက်အာရုံစိုက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းပါတယ်" ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Abdoulaye Seck က ပြောသည်။

အစီရင်ခံစာအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၁၅- ၂၀၁၆ဘဏ္ဍာနှစ်တွင် ကျဆင်းသွားသည်ဟု ဆိုထားသည်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံအတွင်း ရေကြီး၊ ရေလျှံခြင်းကြောင့် ရောင်းလိုအားတွင် သက်ရောက်မှုများရှိခဲ့ခြင်း၊ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ နည်းပါးခြင်း၊ ပြင်ပအခက်အခဲများနှင့် ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ ကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်လုပ်ငန်းများကို ထိခိုက်စေခဲ့သည်ဟု အစီရင်ခံစာတွင်
ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags