ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတက်နေရသည့် ဦးပေါ်လေး၊ ဦးချစ်စရာနှင့် ကိုမိုးကျော်အောင်

ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတက်နေရသည့် ဦးပေါ်လေး၊ ဦးချစ်စရာနှင့် ကိုမိုးကျော်အောင်

ရန်ကုန်၊  ဇူလိုင် ၆ ။    ။ လူရွှင်တော် ဦးပေါ်လေး၊ ဦးချစ်စရာနှင့် ကိုမိုးကျော်အောင်တို့သည် ၎င်းတို့၏ ကျန်းမာရေး အခြေအနေ များကြောင့်  ရန်ကုန်မြို့တွင် ဆေးရုံတက်နေကြောင်း ၎င်းတို့ မိသားစုဝင်များနှင့် မိတ်ဆွေများ က မဇ္ဈိမကို ပြောသည်။

လူရွှင်တော် ဦးပေါ်လေးသည် သာယာဝတီမြို့နယ်၌ ဇူလိုင် ၄ ရက်တွင် ဖိုးချစ်ဇာတ်သဘင် အငြိမ့်က နေစဉ်က ပန်းနာရင် ကြပ်ရောဂါ ထလာသဖြင့် ရန်ကုန်မြို့သို့ခေါ်ဆောင်ကာ ဇူလိုင် ၅ ရက်တွင် ပါရမီ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်ဟု ၎င်း၏ချွေးမဖြစ်သူကပြောသည်။

၎င်းက “ အဖေက ရင်ကြပ်ရောဂါ အခံရှိတယ်။ သာယာဝတီမှာ ဇာတ်ကနေတုန်း ရင်ကြပ်လာတယ်။ မောလာတယ်။ အဲဒါနဲ့ချက်ခြင်း ချစ်စုက ရန်ကုန်ကို ဖုန်း ဆက်ပြီး ပါရမီဆေးရုံကိုတင်လိုက်တာပါ။ ဒီနေ့တော့ ဓာတ်မှန်ရိုက်နေပါတယ်။ အရမ်းကြီးဆိုးရွားတာတော့မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။

အနုပညာရှင် ကိုမိုးကျော်အောင်သည် ရန်ကုန်ဆေးရုံကြီး၊ အသည်းဌာန 2 Room C12 တွင် ဇူလိုင် ၄ ရက်နေ့မှစတင်ကာ  အသည်းရောဂါဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင့် အနုပညာရှင် တက္ကသိုလ်ဂွမ်းပုံက မဇ္ဈိမကို ပြောသည်။

၎င်းက “ မဂွမ်း မနေ့ကဘဲ ကိုမိုးကျော်အောင်ဆီကိုသွားပြီးပြီ။ သူက အသည်းမှာ Bပိုးကော၊ C ပိုးကောဖြစ်နေတာ။ သူရောဂါဖြစ်နေတာကို သူ့ရဲ့အဖေက အဖြူရောင်သုခပရဟိတအသင်းကို ဖုန်းဆက်တယ်။

အဲဒါနဲ့ အဖြူရောင်သုခပရဟိတအသင်းရယ်၊နာရေးကူညီမှုအသင်းရယ်၊ လူရွှင်တော် အသင်းရယ်က ပူးပေါင်းပြီးတော့ ကိုမိုးကျော်အောင်ကို ဆေးရုံတင်ဖြစ်သွားတာပါ” ဟု ပြောခဲ့သည်။

ကိုမိုးကျော်အောင်သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်ကပင် လေဖြတ်ထားသည့်လူနာ တစ်ဦးဖြစ်ပြီး လေဖြတ်ထားသည့် အရှိန်ကြောင့် ယခုအချိန်အထိ စကားပြောဆိုနိုင်ခြင်းမရှိသေးဟုလည်း တက္ကသိုလ် ဂွမ်းပုံကပြောခဲ့သည်။

ယင်းအပြင် လူရွှင်တော် ဦးချစ်စရာသည်လည်း သင်္ကန်းကျွန်း စံပြဆေးရုံတွင် ကျောက်ကပ်ရောဂါဖြင့် ဆေးကုသမှုခံယူလျက် ရှိကြောင်း လူရွှင်တော်ခင်လှိုင် ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required