လေ့လာချက်တစ်ခုအရ ကမ္ဘာတစ်ဝန်း လူပေါင်း ၄၅ သန်းကျော် ခေတ်သစ် ကျွန်သပေါက်ဘဝ ကျရောက်နေဟု ဆို

လေ့လာချက်တစ်ခုအရ ကမ္ဘာတစ်ဝန်း လူပေါင်း ၄၅ သန်းကျော် ခေတ်သစ် ကျွန်သပေါက်ဘဝ ကျရောက်နေဟု ဆို

ဆစ်ဒနီ၊ မေ ၃၁ ။                 ။ ကမ္ဘာတစ်ဝန်း အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်များပါမကျန် လူပေါင်း ၄၅ သန်းကျော်မှာ မျက်မှောက်ခေတ် ကျွန်ဘဝသို့ ကျရောက်နေကြောင်းနှင့် ယင်းပမာဏမှာ ယခင် ခန့်မှန်းထားသည့် ဦးရေထက် ပိုမိုများပြားနေကြောင်း လေ့လာချက်တစ်ခုအရ သိရသည်။ ယင်းတို့ထဲမှ သုံးပုံ ပုံ နှစ်ပုံမှာ အာရှ-ပစိဖိတ်ဒေသတွင် ရှိနေကြကြောင်းလည်း ယင်းလေ့လာချက်ထဲတွင် ဆိုထားသည်။

သြစတြေးလျ ဘီလျံနာ သူဌေးကြီး အန်ဒရူး ဖော်ရက်စ် တည်ထောင်ထားသည် Walk Free Foundation  လုပ်ဆောင်ခဲ့သော အဆိုပါ လေ့လာချက်တွင် အသေးစိတ်အချက်အလက်များကို ဖော်ပြထား သည်။

ခေတ်သစ် ကျွန်သပေါက်ဘ၀ ဆိုသည်မှာ မျက်မှောက်ခေတ်တွင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ခြိမ်းခြောက်မှုများ၊အကြမ်းဖက်မှု၊ အကျပ်ကိုင်မှုနှင့် လိမ်လည်လှည့်ဖျားမှု စသည်တို့ကြောင့် ရုန်းမထွက်နိုင်သည့် အခြေအနေများကို ဆိုလိုခြင်းဖြစ်သည်။

ဥပမာအားဖြင့် ကြွေးမြီဖြင့် ချည်တုတ်ခံထားသဖြင့် ပင်လယ်ရပ်ခြား ငါးဖမ်းသင်္ဘောများပေါ်တွင်ပိတ်မိနေခြင်း ၊ သူတစ်ပါး နေအိမ်တွင် အိမ်ဖော်အဖြစ် မျှော်လင့်ချက်မဲ့ လုပ်ကိုင်နေရခြင်းများနှင့် ပြည့်တန်ဆာအလုပ်များတွင် ပိတ်မိနေခြင်း စသည်အခြေအနေရပ်များဖြစ်သည်။

ယခုလေ့လာချက်ကို နိုင်ငံပေါင်း ၁၆၇ နိုင်ငံတွင် ဘာသာစကား ၅၃ မျိုးဖြင့် အင်တာဗျူးမေးမြန်းသူ ၄၂,၀၀၀ ကျော်တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လေ့လာချက်တွင် တွေ့ရှိရသော အသေးစိတ်အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် ကျွန်ပြုခံရသူဦးရေ အရေအတွက်အများဆုံး ရှိနေပြီး လူပေါင်း ၁၈ ဒသမ ၃၅ သန်းကျော်သည် ယင်းနိုင်ငံတွင် ကျေးကျွန်များအဖြစ်သို့ ကျရောက်နေသည်ဟု သိရသည်။

အလားတူ မြောက်ကိုရီးယားတွင်လည်း ယင်းအဖြစ်အပျက်များ ဖြစ်ပွားမှုနှုန်းများပြားနေခဲ့ပြီး စုစုပေါင်းလူဦးရေ၏ ၄ ဒသမ ၃၇ ရာခိုင်နှုန်းမှာ ကျွန်သပေါက်များဘဝသို့ကျရောက်နေပြီး ယင်းကိစ္စအပေါ်အစိုးရပိုင်းကလည်း တုန့်ပြန်ဖြေရှင်းပေးမှု အားနည်းလွန်းလှသည်ကို တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၂၄ နိုင်ငံမှာ ကုလသမဂ္ဂ၏ စည်းမျဉ်းဥပဒေများနှင့်အညီ လူကုန်ကူးမှု ကိစ္စရပ်များကိုအပြင်းအထန် ထိန်းသိမ်းပြစ်ဒဏ်ချမှတ်နေလျက်ရှိသည်။ သို့ရာတွင်လည်း ယင်းတို့နှင့် မလုံလောက်ဘဲ ပိုမို တင်းကျပ်သည့်လုပ်ဆောင်မှုများ လုပ်ဆောင်သွားရန် လိုအပ်နေကြောင်း သူဌေးကြီး ဖော်ရက်စ်က သတိပေးပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly