တရားဝင် ငါးဖမ်းသည့် သင်္ဘောအား အင်ဒိုနီးရှားက ဖမ်းဆီးသည်ဆိုကာ တရုတ်အမျက်ထွက်

တရားဝင် ငါးဖမ်းသည့် သင်္ဘောအား အင်ဒိုနီးရှားက ဖမ်းဆီးသည်ဆိုကာ တရုတ်အမျက်ထွက်

ဂျကာတာ၊ မေ ၃၁ ။                 ။ အင်ဒိုနီးရှားကျွန်းများအနီး ဖမ်းဆီးခံရသည့် တရုတ်သင်္ဘောမှာ တရားဝင်ငါးဖမ်း သင်္ဘောသာဖြစ်ကြောင်း တရုတ်နိုင်ငံက အပြင်းအထန်ပြောလျက် တောင်တရုတ် ပင်လယ်အတွင်း နှစ်နိုင်ငံတင်းမာမှုကို အသစ်ဖြစ်စေကြောင်းဆိုသည်။

မေ ၂၇ ရက်က အင်ဒိုနီးရှားနိုင်ငံ နာတူနာကျွန်းစုအနီးတွင် တရားမဝင်ငါးဖမ်းသည်ဟုဆိုကာ တရုတ်သင်္ဘောအား အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

ယင်းသင်္ဘောကို ကမ်းခြေသို့ ဆွဲလာခဲ့ကာ သင်္ဘောသား တရုတ်ရှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်။

အင်ဒိုနီးရှားနှင့် တရုတ်နှစ်နိုင်ငံသည် တောင်တရုတ်ပင်လယ် ပိုင်နက်အရေးတွင် အငြင်းပွားတင်းမာမှုများ ရှိနေသည်။ အဆိုပါ တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှု၌ တရုတ်နိုင်ငံအနေဖြင့် အခြားသော နိုင်ငံများနှင့်လည်း အငြင်းပွားလျက်ရှိနေသည်။

ဖမ်းဆီးခံရသည့် ငါးဖမ်းသင်္ဘောမှာ တရားဝင်ငါးဖမ်းနေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က အလေးအနက်ပြောသည်။

“သက်ဆိုင်ရာရေပိုင်နက်မှာ တရုတ်သင်္ဘောသားတွေက ပုံမှန်တရားဝင်ငါးဖမ်းနေကြတာဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly