ဒေါသထွက်နေသော ကားဆရာများ

ဒေါသထွက်နေသော ကားဆရာများ

ရန်ကုန်မြို့က ဘတ်စ်ကားမောင်းကြတဲ့ ကားဆရာတွေအကြောင်း ပြောကြ အကြံပြုကြတာ နှစ်ပေါင်းများစွာတော့ ကြာခဲ့ပါပြီ။ အထူးသဖြင့် တစုံတရာ လွတ်လပ်စွာပြောဆိုခွင့်ရလာခဲ့တဲ့ လွန်ခဲ့ သည့် လေးငါးနှစ်ကစပြီး ပိုပြီးပြောကြ ပိုပြီး အကြံပြုခဲ့ကြပါတယ်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဘာမှ သိသာစွာ ထူးခြားစွာ ပြောင်းလဲလာသည်ဟူ၍ မရှိသည့်အချက်ပင်ဖြစ်ပါတယ်။

အတိုချုပ်ပြီးပြောရလျင်တော့ ကားဆရာများအားလုံး ဒေါသအထွက်မြန်လွန်းကြတယ်လို့ပဲ ဆိုရပါလိမ့်မယ်။ ကားမောင်းလာစဉ် ရှေ့ကကားကိုလည်းကောင်း ဘေးကကားကိုလည်းကောင်း နောက်ကို ကားကိုလည်းကောင်း သူတို့ အမြဲဒေါသထွက်နေတတ်ကြပါတယ်။ ကားပေါ်က ခရီးသည် တွေကိုလည်း ဒေါသထွက်နေကြပါတယ်။ ကားစီးဖို့စောင့်နေတဲ့ မှတ်တိုင်က ခရီးသည်တွေကိုလည်း ဒေါသထွက် ပါတယ်။

ဥပမာ ကားတစ်စင်းနဲ့တစ်စင်း လမ်းယူကြတဲ့အခါ ယှဉ်ပြီး လမ်းယူတဲ့တခြားကားဆရာတွေကို ကားပေါ်ကတဆင့် မကြာခဏဆိုသလို မကြားတကြားပဲဖြစ်ဖြစ် ကြားအောင်ပဲဖြစ်ဖြစ် ပြစ်ပြစ်နှစ်နှစ် ဆဲကြပါတယ်။ လမ်းလုရင်း အငြင်းပွားစရာဖြစ်တဲ့အခါ ပြေလည်ဖို့ကို ဦးမတည်ပဲ ကိုယ်ထိလက် ရောက်ပြုလုပ်ဖို့ကိုပဲ ဟန်ပြင်နေတတ်ပြီး ကြိမ်းမောင်းပြောဆိုတာမျိုးလုပ်ဖို့လည်း ဝန်မလေးတတ် ကြပါဘူး။

ကားဂိတ်တချို့မှာ ဒါမှမဟုတ် လမ်းဆုံတချို့မှာ ကားကို အချိန်ပေးပြီးရပ်ထားလို့ အရေးကြီးတဲ့ ခရီးသည်က ဘာပြုလို့ ကားကို အကြာကြီးရပ်ရတာလဲလို့မေးရင် ရန်လိုတဲ့စကားနဲ့ဖြေပါတယ်။ အဲဒီ ခရီးသည်ဆင်းသွားတဲ့အခါ နောက်ကနေ မကြားဝံ့မနာသာစကားနဲ့ ဆဲပါတယ်။ ကားပေါ်က ကျန်ခ ရီးသည်တွေကို အဲဒီနည်းနဲ့ ခြိမ်းခြောက်အသိပေးချင်တဲ့သဘောလည်း ပါတဲ့သဘောပါပဲ။

ဒီလိုရေးတော့ ကားတိုင်း ကားဆရာတိုင်းဟာ ဒီလိုချည်းပဲတော့ မဟုတ်ပါဘူး။ အများစုကို  ရည်ညွှန်းခြင်းဖြစ်ပါတယ်။ အနည်းစုကတော့ ကားပေါ်မှာ ခရီးသည်တွေကို အပျော်အပျက်စကားနဲ့ ခင်မင်စွာ နောက်ပြောင်ရင်း အကူအညီပေးတာမျိုးလည်း ရှိတတ်ပါတယ်။ ကျကျန်ခဲ့တဲ့ပစ္စည်းကို အမြန်ဆုံးနဲ့ မှန်မှန်ကန်ကန်ပြန်ပေးတဲ့အထိ သိတတ်ကြသူများလည်း ရှိပါတယ်။ ကားအချင်းချင်း သီးခံဖို့ လမ်းပေးဖို့နဲ့ ကူညီဖို့အဆင်သင့်ဖြစ်တဲ့ကားဆရာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒါကတော့ တကယ့်ကို အနည်းစုပါပဲ။

ဒေါသထွက်နေကြတဲ့ ကားဆရာတွေဟာ ကားမောင်းရင်း ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ် သောက်ဖို့လည်း ဝန်မလေးတတ်ကြပါဘူး။ ဆေးလိပ်မီးခိုးငွေ့တွေကို စိတ်ရှိတိုင်းဖွာထုတ်ရင်း ကားမောင်းရင်း ဝန်မလေးတတ်ကြပါဘူး။ ကားမောင်းရင်းဆေးလိပ်သောက်တာဟာ အန္တရယ်ရှိ တယ်ဆိုတာ ခရီးသည်တွေကို လူမှုရေးကျင့်ဝတ်အရ ထိခိုက်စေတယ်ဆိုတာ ကျန်းမာရေးထိခိုက်စေ တယ်ဆိုတာ သူတို့ မသိမဟုတ်ပါဘူး။ သူတို့သိပါတယ်။ ဒါပေမယ့် သူတို့ မဆင်ခြင်နိုင်ကြပါဘူး။ ဆင်ခြင်ဖို့ကိုလည်း မစဉ်းတတ်ကြတော့ပါဘူး။

ဒါကြောင့်မို့လည်း ကားသမားအချင်းချင်း မကြာခဏ ရိုက်ကြနှက်ကြတာမျိုးတွေနဲ့ ခရီးသည် နဲ့ကားဆရာ ခိုက်ရန်ဖြစ်ရတာမျိုးတွေ ကျနော်တို့ကြားနေကြရတာပါ။ မကြာခဏ ရာဇဝတ်ပြစ်မှု ကျူးလွန်မိတဲ့အထိ ခြေလွန်လက်လွန် ဖြစ်ကြရ သွေးထွက်သံလွန်ဖြစ်ကြရ သေဆုံးကြရတာ ဖြစ်ပါ တယ်။ ကြာလာတော့ ရန်ကုန်မြို့က ကားနေ့တိုင်းစီးကြရတဲ့ ခရီးသွားပြည်သူတွေဟာ ကားပေါ်တက် တာနဲ့တပြိုင်နက် ကားဆရာတွေကို သတိထားဆက်ဆံကြရ၊ သီးခံကြရနဲ့ စိတ်ဆင်းရဲကြပ်တည်းစွာ ကားပေါ်လိုက်လာခဲ့ကြရတာချည်းပါပဲ။

ကားဆရာတွေ ဘာ့ကြောင့် ဒီလို ဒေါသတွေ ထွက်နေတတ်ကြတာလဲ။ ကားဆရာတွေ ဘာ့ကြောင့် ဒီလို လူမှုရေးပျက်ကွက်မှုတွေကို အတင့်ရဲစွာ လုပ်လာနေကြတာလဲ။

နှစ်ပေါင်းမြောက်များစွာ ဖြစ်တည်လာခဲ့တဲ့ အထွေထွေ ပျက်စီးပြိုလဲခြင်းများစွာထဲမှာ လူတွေ အခုလို အလိုလို သီးမခံနိုင်လောက်အောင် ကြပ်တီးကျဉ်းမြောင်းလာနေတဲ့ စီးပွားရေး လူမှုရေး ပညာရေးအခြေအနေအရပ်ရပ်ဟာ တရားခံပါပဲ။ နှစ်ပေါင်းမြောက်များစွာ စိုက်ထူထားခဲ့တဲ့ လူအချင်း ချင်း လှည့်ပတ်ခြင်း၊ ဖိနှိပ်ရက်စက်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊  မတရားအခွင့်အရေးယူခြင်း အစရှိတဲ့ မှားယွင်း ရှုပ်ထွေးလှတဲ့ အာဏာရှင်စနစ်ကြီးက လူတွေကို စိတ်ဓါတ်အထားအသိုတွေ နိမ့်ဆင်းသွား စေခဲ့တာ၊ ယိုင်နဲ့သွားစေခဲ့တာ၊ ပြိုကွဲပျက်စီးသွားစေခဲ့တာ ဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ ကားဆရာတွေကို ဒေါသမထွက်အောင် ခရီးသည်တွေကို လေးစားအောင် အလေးအနက်ထားအောင် စိတ်ဓါတ်တွေ ပြန်လည်ကောင်းမွန်လာစေဖို့ဆိုတာကတော့ ရက် ၁၀၀ စီမံကိန်းတစ်ခုတည်းနဲ့တော့ စိတ်ကူးယဉ်လို့ မရနိုင်ပါဘူး။

တိုင်းပြည် မှန်ကန်တဲ့ပညာရေးစနစ်၊ ကောင်းမွန်မှန်ကန်တဲ့ စီးပွားရေးစနစ်အစရှိတဲ့ လူ့စိတ် ဆန္ဒနဲ့ တိုက်ရိုက်အချိုးကျနေတဲ့ အခြား နယ်ပယ်သီးသီးကို အချိန်ယူဖြေရှင်းသွားကြမှသာ အနှေးနှင့် အမြန် အောင်မြင်သွားမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ပြောရရင်တော့ ကျနော်တို့တိုင်းပြည်လို ကားဆရာတွေ ဒေါသထွက်တတ်တဲ့ ဘဝအ ခြေအနေကနေ ချစ်ခင်လေးစားဖွယ်ကားဆရာခေတ် ထူထောင်လို့ရတဲ့နိုင်ငံတွေ ကမ္ဘာပေါ်မှာ အထင် အရှားရှိနေတဲ့အပြင် ကျနော်တို့အနေနဲ့လည်း မှန်ကန်တဲ့ဒီမိုကရေစီစနစ်ကိုသာ အကောင်အထည်ဖေါ် မယ်ဆိုရင် ကားဆရာတွေ ဒေါသငြိမ်းတဲ့ခေတ် ထူထောင်လို့ မရနိုင်စရာအကြောင်း မမြင်တဲ့အ ကြောင်း တင်ပြလိုက်ရပါတယ်။

Mizzima Weekly