ဟဲလေး၏ ပြည်သူ့ အချစ်တော် တေးအယ်ဘမ် ဇူလိုင်လကုန် ထွက်မည်

ဟဲလေး၏ ပြည်သူ့ အချစ်တော် တေးအယ်ဘမ် ဇူလိုင်လကုန် ထွက်မည်

ရန်ကုန် ၊ ဇူလိုင် ၇ ။       ။ အဆိုတော် ဟဲလေး၏ ပြည်သူ့ အချစ်တော် ဟု အမည်ပေး ထားသော ငါးခွေမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ကို ဇူလိုင် လကုန် တွင် ထွက်ရှိရန် စီစဉ် ထားကြောင်း အဆိုတော် ဟဲလေးက မဇ္ဈိမကို ပြောသည်။

ထို တေးအယ်ဘမ်ထဲရှိ  Miss တုပ်ကွေး အမည်ရှိ သီချင်း တစ်ပုဒ်ကို ဇူလိုင် ၇ရက်တွင် Myanmar Music Store အွန်လိုင်း၌ ရောင်းချ ခဲ့သည်။ ထို သီချင်းသည် ဟဲလေး ကိုယ်တိုင် ရေးသား ထားသည့် သီချင်း ဖြစ်ပြီး Miss ကောင်မလေး တစ်ဦးကို ကြိုက်နေသည့် ကောင်လေး တစ်ယောက် အကြောင်းကို ရေးဖွဲ့ ထားခြင်း ဖြစ်သည်။

အဆိုတော် ဟဲလေးက "ဒီသီချင်းက Miss ပွဲမှာ ဆိုလိုက်တဲ့ အခါ ပရိသတ်တွေကလည်း မေးလာတဲ့ အတွက် အဲတာလေးကို ကြိုပြီး လွှတ်လိုက်တဲ့ သဘောပါ။Miss ကို သွားချစ်မိတဲ့ ကောင်လေး တစ်ယောက် အကြောင်းပေါ့ ပျော်စရာလေးပါ။ Miss မှာလည်း ကိုယ့်ညီမလေးတွေလည်း အများကြီး ရှိပါတယ် သူတို့ အတွက် အမှတ်တရ ဖြစ်အောင်ပါ" ဟု Miss တုပ်ကွေး တေးသီချင်း နှင့် ပတ်သက်ပြီး ပြောပြသည်။

အဆိုတော် ဟဲလေးသည် ယခင်က အွန်လိုင်းတွင် ပရိသတ် အတွက် သီချင်း ရောင်းချ ပေးခြင်း မရှိပဲ Miss တုပ်ကွေး တေးသီချင်းကို ပထမဆုံး အကြိမ် အဖြစ် အွန်လိုင်းမှ စတင် ရောင်းချခြင်းလည်း ဖြစ်သည်။

၎င်း၏ တစ်ကိုယ်တော် တေးအယ်ဘမ်တွင် Featuring အဆိုတော်များ အနေဖြင့် ဝေလျှံ ၊ အစ္စဏီ ၊ စစ်သွေး ၊ ဒီယံ တို့ အပြင် နိုင်းဝမ်း ၊ နီနီခင်ဇော် ၊ ဝိုင်းစုခိုင်သိန်း ၊ အိမ့်ချစ် ၊ မိစန္ဒီ တို့ ပါဝင်ကြမည် ဖြစ်သည်။ တေးရေး များ အနေဖြင့် သုခမိန်လှိုင် ၊ ဒီယံ ၊ ကိုလတ် ၊ ဂဲကြီး ၊ ဟဲလေး တို့က ရေးသား ထားသည်။ အယ်ဘမ်တွင်  သီချင်း ၁၂ပုဒ် ပါဝင်မည် ဖြစ်သည်။

အဆိုတော် ဟဲလေး၏ ပြည်သူ့အချစ်တော် တစ်ကိုယ်တော် တေးအယ်ဘမ် Audio CD ကို ဇူလိုင်လကုန်တွင် ချိုကြည်သာ တေးထုတ်လုပ်ရေးမှ တစ်နိုင်ငံလုံးသို့ ဖြန့်ချိမည် ဖြစ်သည်။ Audio CD ထွက်ရှိပြီး ပါက MTV ကို ဆက်လက် ရိုက်ကူး သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly