ဆီးရီးယားရှိ အကြမ်းဖက်သမားတို့ ဖမ်းဆီးထားသော ဂျပန် ဂျာနယ်လစ် ကို မရရအောင် ကယ်တင်သွားမည်ဟု ဂျပန်အစိုးရပြော

ဆီးရီးယားရှိ အကြမ်းဖက်သမားတို့ ဖမ်းဆီးထားသော ဂျပန် ဂျာနယ်လစ် ကို မရရအောင် ကယ်တင်သွားမည်ဟု ဂျပန်အစိုးရပြော

မေ ၃၀ ။          ။ ဆီးရီးယားရှိ အယ်လ်ကိုင်ဒါ အဖွဲ့ခွဲတစ်ခုက ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသော ဂျပန်နိုင်ငံသား ဂျာနယ်လစ်တစ်ဦးကို ကယ်တင်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု မေလ ၃၀ ရက်တွင် ဂျပန်အစိုးရက ပြောကြားလိုက်သည်။

၎င်း ဂျပန် ဓါးစာခံ အကူအညီတောင်းခံထားသည့် ဓါတ်ပုံ တစ်ပုံ အင်တာနက်တွင် တက်လာပြီးနောက်ပိုင်း ယခုကဲ့သို့ ဂျပန်အစိုးရက ပြောကြား လိုက်ခြင်းဖြစ်သည်။

မေလ ၃၀ ရက်က အွန်လိုင်းပေါ်သို့ ရောက်လာခဲ့သော အဆိုပါ ဓါတ်ပုံတွင် လိမ္မော်ရောင် အကျီဖြင့် မုတ်ဆိတ်ပရဗျစ်ဖြင့် ဂျပန်အမျိုးသားတစ်ဦးကို ဂျပန်စာဖြင့် ရေးသားထားသော စာရွက်တစ်ရွက် ကိုင်ဆောင်ထားသညို တွေ့ရသည်။ ယင်းစာရွက်ပေါ်တွင် " ကျွန်တော့်ကို ကယ်ပေးပါ၊ ဒါ ကျွန်တော့်ရဲ့ နောက်ဆုံးအခွင့်အရေးပါ"ဟူ၍ ရေးသားထားသည်။

၎င်း ဂျာနယ်လစ်သည် ပြီးခဲ့သည့် ဇွန်လက တူရကီမှ ဆီးရီးယားနိုင်ငံတွင်းသို့ ဝင်ရောက်ချိန်တွင် Nusra Front ဟုခေါ်သည့် အဖွဲ့က ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြထားသည်။

ဓါတ်ပုံထဲက သူမှာ ဖမ်းဆီးခံထားရသော ဂျပန် ဂျာနယ်လစ် ယာဆူဒါဖြစ်ကြောင်း အစိုးရက အတည်ပြုနိုင်ခဲ့ပြီးနောက်ပိုင်း ၎င်းအား ကယ်တင်နိုင်ရန်လုပ်ဆောင်နေသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဖူမီအို ကီရှီဒါက ပြောသည်။

" ဂျပန် နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့က ကျွန်တော်တို့ တာဝန်ပါ၊ ကျွန်တော် တို့ သတင်းအချက်တွေ ရသလောက် စုဆောင်းနေပြီးတော့ တတ်နိုင်သမျှ အစွမ်းကုန် ကယ်ဆယ်သွားမှာပါ" ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိုရှီဟိုက် ဆူဂါက ပြောကြားသွားသည်။

၎င်းမတိုင်ခင် ယမန်နှစ် ၂၀၁၅ ခုနှစ်အစောပိုင်းက အိုက်အက်စ်အုပ်စုကလည်း အလားတူ ဂျပန်နိုင်ငံသား နှစ်ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးကာ ခေါင်းဖြတ်သတ်ဖြတ်ထားခဲ့သည့် ဖြစ်စဉ်လည်း ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly