အာဆီယံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် တရုတ်တောင်းဆို

အာဆီယံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် တရုတ်တောင်းဆို

ဘန်ကောက်၊ မေ ၃၀ ။                ။ အရှေ့တောင်အာရှနိုင်ငံအားလုံးနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တိုက်တွန်းတောင်းဆိုလျက် တောင်တရုတ်ပင်လယ်ပြင်အရေး အငြင်းပွားနေမှုများကို ဖြေရှင်းရန် တရုတ်နိုင်ငံက အားထုတ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က တောင်းဆိုဖူးသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ပြီးခဲ့သည့်သီတင်းပတ်က လာအိုနိုင်ငံ ဗီယက်ကျန်းမြို့တော်တွင် တရုတ်ကာကွယ်ရေးဝန်ကြီး ချန်ဝန်ကျန်းက အာဆီယံဆယ်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများနှင့် တွေ့ဆုံရာတွင် ထပ်မံတိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ပရာဝတ်ဝေါင်ဆူဝန်က ပြောသည်။

ပြီးခဲ့သည့် မေ ၂၃ ရက်၌ တရုတ်နှင့် ပင်လယ်ပိုင်နက်အငြင်းပွားမှုဖြစ်ပွားနေသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်သို့ ရောက်ရှိသည့် အမေရိကန်သမ္မတဘားရတ်အိုဘားမားက ယခင်ရန်ဖက်ဟောင်းဖြစ်ခဲ့သည့် ဗီယက်နမ်နိုင်ငံအား ပိတ်ဆို့ထားသည့် လက်နက်အရောင်းအဝယ် ရုပ်သိမ်းပေးခြင်းအပါအဝင် နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေးကို ဖော်ဆောင်ခဲ့ချိန်တွင် တရုတ်၏ အာဆီယံစစ်ရေးပူးပေါင်းလေ့ကျင့်မှု တောင်းဆိုချက် ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်နှင့် အငြင်းပွားမှုများရှိနေသည့်ကြား ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က ကိုယ်စီရေတပ်စစ်ရေးစွမ်းရည်ကို တည်ဆောက်လျက်ရှိနေကြောင်း လာအိုနိုင်ငံ ဗီယက်ကျန်းမြို့က ဆယ်ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံမှုသို့ တက်ရောက်ရာမှ ပြန်လည်ရောက်ရှိသည့် ဗိုလ်ချုပ်ကြီး ပရာဝတ်က ပြောသည်။ ယင်းအစည်းအဝေးသို့ တရုတ်က စိတ်ဝင်စားတက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပခဲ့သည့် တရုတ်-အာဆီယံကာကွယ်ရေးဆိုင်ရာတွေ့ဆုံမှုတွင် တရုတ်ကာကွယ်ရေးဝန်ကြီး ချန်က အာဆီယံနိုင်ငံများနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွား လိုကြောင်း တောင်းဆိုထားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly