ပညာရေးဝန်ကြီး နှင့် န.က.သ တွေ့ဆုံမှု အချက်လေးချက် ညှိနှိုင်းဆွေးနွေး

ပညာရေးဝန်ကြီး နှင့် န.က.သ တွေ့ဆုံမှု အချက်လေးချက် ညှိနှိုင်းဆွေးနွေး
(ဓာတ်ပုံ- မင်းသူကျော်/န.က.သ)

ရန်ကုန်၊ မေ ၂၉ ။  ။ ပညာရေး ဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး နှင့် နိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (န.က.သ) တွေ့ဆုံကာ အချက်လေးချက်ကို အဓိက ဆွေးနွေးခဲ့သည်ဟု န.က.သ၏ ဗဟိုအလုပ်မှုဆောင် ဇေယျလွင်က မဇ္ဈိမကို ပြောသည်။ 

မေ ၂၉ရက်က အဆင့်မြင့်ပညာဦးစီးဌာနရုံး၌ ဝန်ကြီး နှင့် န.က.သ ကျောင်းသားများ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 

ပညာရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် “အရင်အစိုးရတုန်းက ဒီလိုညှိနှိုင်းပွဲမပြောနဲ့ ဖွဲ့တာနဲ့ ဖမ်းခဲ့တာ။ အခုအစိုးရသစ်မှာ ဝန်ကြီးနဲ့ ခေါ်တွေ့ ညှိနှိုင်းတာတော့ အရမ်းကွာဟပါတယ်။ ဒီအပေါ်ကိုလည်း ပထမဆုံးတွေ့ဆုံ ညှိနှိုင်းမှုက ကျောင်းသား နဲ့အစိုးရကြားရင်ကြားစေ့ပေးတယ်။ အမြင်မတူမှုတွေကို ညှိနှိုင်းမှုရတယ်လို့မြင်တယ်" ဟု ၎င်းကပြောသည်။

ဆွေးနွေးပွဲတွင် အဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲထားပြီး အတည်မပြုရသေးမီ အချိန်တွင် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုရန်၊ အဆင့်မြင့်ပညာရေးဥပဒေရေးဆွဲရာတွင် တက္ကသိုလ်တစ်ခုချင်းမှ စည်းကမ်းချက်များကို ကျောင်းသားသမဂ္ဂများပါ ပူပေါင်းပါဝင်ရေးဆွဲခွင့်ပြုရန်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေတွင် ကျောင်းသားများအပေါ် ဖိနှိပ်မှုများရှိနေသည်ဟု ကျောင်းသားများက ခံယူထားသည်အတွက်  ပြန်လည်ပြင်ဆင်ရန် အချက်သုံးချက်ကို ကျောင်းသားများဘက်က ဆွေးနွေးခဲ့သည်။

အဆင့်မြင် ပညာရေး ဥပဒေရေးဆွဲရာတွင် ကျောင်းသားသမဂ္ဂများ မှပူပေါင်းပါဝင်နိုင်ရေး အချက်ကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းက သဘောတူခဲ့သည်။ 

ထို့အပြင် ပညာရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းတွင် ပါဝင်သည့် တက္ကသိုလ် အရည်အသွေးထိန်းရေး စီမံချက်တွင် တက္ကသိုလ်သင်ကြားရေးဆရာ၊ ဆရာမများ၊ ကျောင်းသားများ၏ အသံ (feedback)ကို ပြန်လည်လိုအပ်သည်ဟု ဝန်ကြီးက ပြောသည်ဟု ၎င်းကပြောသည်။

ယင်းအချက်ကို ကျောင်းသားများက ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းမှုကို ကျောင်းသားများဘက်က သဘောတူညီခဲ့သည်။ 

တက္ကသိုလ်ကျောင်းဝန်းအတွင်း  မူးယစ်ဆေးဝါးပြဿနာ၊ သွားလားရေးခက်ခဲမှု ပြဿနာ၊ ကျောင်းသားများ ကျန်းမားရေးနှင့်ဆိုင်သည့် ဆေးကုခန်းထားရှိရေး၊ စာသင်ခန်းတွင် လက်တွေ့စမ်းသပ် ကိရိယာ ပြည့်စုံမှုမရှိခြင်း၊ ကျောင်းတွင်း စားသောက်ဆိုင်များ ကျန်းမားရေး နှင့် ညီညွှတ်မှုမရှိခြင်း၊ အိမ်သာများ သန့်စင်မှုမရှိခြင်း စသည့် အခြေခံလိုအပ်ချက်များကို ကျောင်းသားများက တင်ပြဆွေးနွေးခဲ့သည်။ 

ယင်းအချက်လက်များကို အရေးကြီးလုပ်ဆောင်ရမည့် အချက်များ၊ ရေရှည်လုပ်ဆောင်ရမည့်အချက်များ ဟူ၍ ကဏ္ဍခွဲလုပ်ဆောင်ပေးမည်ဖြစ်ကာ အချို့အချက်များကို ချက်ချင်းလုပ်ဆောင်ပေး၍ မဖြစ်နိုင်သေးကြောင်း ဝန်ကြီးက ပြောသည်ဟု ဆိုသည်။ 

ညှိနှိုင်းပွဲတွင်  ပညာရေးဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး၊ အခြေခံပညာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်သင် ဒုညွန်ကြားရေးမှူးချုပ်၊  အဆင့်မြင့်ပညာရေးဦးစီးဌာန ဒုကြားရေးမှူးချုပ်၊ ပညာရေး သုတေသီမှ ဒေါက်တာခိုင်မြဲ အပါအဝင် နိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်မှ ကျောင်းသား ၂၇ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

 နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (န.က.သ)သည် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် မြေလတ် ဗ.က.သအဖွဲ့တို့ ပေါင်းစည်းက မေ ၂၅ရက်ကမှ အသစ်ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly