အိန္ဒိယသံအမတ်ကြီး တာဝန်ကာလပြည့်၍ နှုတ်ဆက်

အိန္ဒိယသံအမတ်ကြီး တာဝန်ကာလပြည့်၍ နှုတ်ဆက်
ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ
 

မြန်မာနိုင်ငံအား လွမ်းနေတော့မည်ဟု အိန္ဒိယသံအမတ်ကြီး ဂူတမ်မတ်ခိုပတ်ဒဟာရာက ပြောသည်။

မေ ၂၄ ရက်က နှုတ်ဆက်ပွဲအခမ်းအနားတွင် သံအမတ်ကြီးက ဒီနိုင်ငံနှင့် ကံရေစက်ပါ၍ ဆုံခဲ့ရသည်ဟု ခံစားရကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် တာဝန်သက်တမ်းသုံးနှစ် ပြည့်မြောက်၍ အိန္ဒိယသံအမတ်ကြီး ဂူတမ်အနေဖြင့် မကြာမီ အိန္ဒိယသို့ ပြန်ရတော့မည်ဖြစ်သည်။   မြန်မာနိုင်ငံတွင်း တွေ့ခဲ့ကြုံခဲ့ရမှုများအရ   ဖော်ကျုးပြောဆိုရာတွင် ကြင်နာဖော်ရွေသည့် နိုင်ငံနှင့် နိုင်ငံသားများဖြစ်ကြောင်း ပြောကာ "ဒီမှာနေရတာ ကိုယ်အိမ်ကိုယ်ရာလိုပဲ ခံစားရပါတယ်။"ဟု ပြောသည်။

သံအမတ်ကြီး ဂူတမ်အနေဖြင့် နှုတ်ဆက်ပွဲအခမ်းအနားကို ပုံမှန်လို နေရာမျိုးတွင် မကျင်းပဘဲ ကုန်သည်လမ်းရှိ LIC အဆောက်အအုံ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

၎င်းနေရာတွင် နောက်ဆက်ခံမည့် သံအမတ်အား မည်သည့် အကြံဉာဏ်များ ပေးသွားခဲ့မလဲဟု မေးမြန်းရာတွင် "ကျွန်တော် ပေးချင်တဲ့ အကြံကတော့ အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ သမိုင်းရေရှည်ကြာပြီး ခေတ်ပြိုင်အိမ်နီးချင်းတွေ ဖြစ်နေတာကို မေ့လျော့နေတတ်တာကို အသိပေးချင်ပါတယ်။ နှစ် ၅၀ ကာလအတွင်း ငုပ်လျှိုးနေတဲ့ အိမ်နီးချင်းဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ အကြံပေးချင်ပါတယ်။"ဟု ပြောကာ နှုတ်ဆက်ခဲ့သည်။ ယင်းအခမ်းအနားသည် သံအမတ်အဖြစ် နှုတ်ဆက်ပွဲတင်မကပဲ သူ့၏ အသက် ၆၀ ပြည့်မွေးနေ့လည်းဖြစ်သည်။ ယင်းအပြင် စာအုပ်ပြပွဲနှင့် ပန်းချီပြပွဲ ဖွင့်ပွဲပါ ကျင်းပခဲ့ပြီး အကျွေးအမွေးများဖြင့် တက်ရောက်လာသူများအား ဧည့်ခံခဲ့သည်။

ဂူတမ်သည် ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ် စတင်တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၈၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတွင် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အမျိုးမျိုးသော ရာထူးအဆင့် လုပ်ရည်ကိုင်ရည်ဖြင့် မက္ကဆီကို၊ ပြင်သစ်၊ ကျုးဘား၊ အာဖဂန်နစ္စတန်နှင့် ဆီးရီးယားတို့ရှိ အိန္ဒိယသံရုံးများတွင် အမှုထမ်းခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူချိန်ကာလအတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးချိတ်ဆက်မှု ခိုင်မာအောင် လုပ်ဆောင်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly