ဒဂုံဆိပ်ကမ်းတွင် ဆင်းရဲသားမိသားစုများအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဂျပန်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်နေ

ဒဂုံဆိပ်ကမ်းတွင် ဆင်းရဲသားမိသားစုများအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဂျပန်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေးစီမံကိန်းအား မေ ၂၅ ရက်က စတင်အုတ်မြစ်ချအခမ်းအနားကျင်းပခဲ့ကြောင်း UN_Habitat ၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းဝန်းကျင်ရှိ ဆင်းရဲနွမ်းပါးသော ချို့တဲ့သည့် မိသားစုများအား အိမ်ရာနှင့် အခြေခံဝန်ဆောင်မှုများ ပေးသွားရန် UN-Habitat သို့ ဂျပန်အစိုးရက ရန်ပုံငွေ ထောက်ပံ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယင်းအိမ်ရာစီမံကိန်းတွင် ဆင်းရဲသောမိသားစု ၂၄၀ အတွက် ငါးထပ်တိုက် ၁၂ လုံးအား ဆောက်လုပ်သွားမည်ဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာ အစဦးတည်ဆောက်မှုကို အဆောက်အအုံခြောက်လုံးဖြင့် စတင်မည်ဖြစ်သည်။ အိမ်ရာနေထိုင်ခွင့်အတွက် မရှိဆင်းရဲသားမိသားစုများ၏ အခြေအနေအချက်အလက်များအပေါ် မူတည်ပြီး ရွေးချယ်သွားမည်လည်းဖြစ်သည်။ အိမ်ရာတည်ဆောက်ရေးမြေနေအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ခွင့်ပြုချထားပေးခဲ့သည်။

ယခု အုတ်မြစ်ချအခမ်းအနားမှာ ပထမသုတ်အဖြစ် တိုက်ခြောက်လုံး တည်ဆောက်ရေးအတွက် စတင်အုတ်မြစ်ချခြင်းဖြစ်ကာ ယင်းအခမ်းအနားသို့ ဂျပန်သံရုံးကောင်စစ်ဝန် မတ်ဆူယိုဟီဒီယာကီ၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုး၊ UN-Habitat မှ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းမန်နေဂျာ BijayKarmacharya၊ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးကော်မတီ မြို့ပြဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာ်ဦးတိုးအောင်၊ Womaen for the World မှ ဒါရိုက်တာ ဗန်လီဇာအောင်နှင့် ဌာနဆိုင်ရာနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆင်းရဲနွမ်းပါးသူမိသားစုများ နေထိုင်စရာအိမ်အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းအပေါ် ဖြေရှင်းရေးအတွက် စတင်စမ်းသပ်အကောင်အထည်ဖော်သည့် စီမံကိန်းတစ်ရပ်ဖြစ်ပါကြောင်း အုတ်မြစ်ချအခမ်းအနားအဖွင့်အမှာစကားပြောရာတွင် UN-Habitat မှ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းမန်နေဂျာ BijayKarmacharya က ပြောကြားခဲ့သည်။

ဂျပန်ကောင်စစ်ဝန် မတ်ဆူယိုဟီဒီယာကီကလည်း မြန်မာနိုင်ငံက မရှိဆင်းရဲသားများအတွက် ဂျပန်အစိုးရ၏ ကူညီမစမှုအား ဖော်ဆောင်ပေးသည့် မင်္ဂလာရှိသည့် အချိန်ပဲဖြစ်ကြောင်း ၊ မြန်မာပြည်သူများအတွက် ဂျပန်ပြည်သူတို့၏ ကောင်းမွန်သော စိတ်စေတနာကို ဖော်ပြခြင်းဖြစ်ပါကြောင်း ပြောကြားပြီး အစီအစဉ်အတိုင်း စီမံကိန်းအပြီးသတ်နိုင်သည့်အထိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောသည်။

ဂျပန်အစိုးရသည် UN-Habitat တွင် အားအကောင်းဆုံးအဖွဲ့ဝင်မိတ်ဖက်တစ်နိုင်ငံအဖြစ် ပါဝင်သည်။ UN-Habitat ၏ မြန်မာနိုင်ငံအခြားဒေသများတွင်လည်း ဆင်းရဲသောပြည်သူများအတွက်   နေထိုင်မှုမြှင့်တင်ပေးခြင်းနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော်ပေးသည့် အမျိုးမျိုးသောစီမံကိန်းများတွင်လည်း ဂျပန်အစိုးရက ရန်ပုံငွေထည့်ဝင်ပေးထားသည်။ ဂျပန်အစိုးရ၏ နောက်ဆုံးကူညီမှုလုပ်ငန်းအဖြစ် ချင်းပြည်နယ် ပြည်သူများအတွက် အထောက်အပံ့ဖြစ်စေမည့် အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဇွန်လအတွင်း စတင်ရန် စီစဉ်လျက်ရှိနေသည်။

ဒဂုံဆိပ်ကမ်းမြို့သည် ရန်ကုန်အရှေ့ပိုင်းတွင် တည်ရှိပြီး ၁၉၉၀ ခုနှစ်များဝန်းကျင်က မြို့သစ်စတည်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် လူဦးရေအားဖြင့် ၁၆၆၀၀၀ ဝန်းကျင်နေထိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly