အိုက်တင်လောက်တော့ ကောင်းကြည့်စမ်းပါ

အိုက်တင်လောက်တော့ ကောင်းကြည့်စမ်းပါ

လူ၏ ပင်ကိုယ်စရိုက်၊ မူလဟန်ပန်မဟုတ်ဘဲ တခြားလူ၊ တပါးသူ၏ ပုံစံကို အသွင်ယူ၊ မှီးယူ ဖန်တီးပြသခြင်း သို့မဟုတ် သရုပ်ဆောင်ခြင်းကို အက်တင်လုပ်သည်၊ မြန်မာအာလုပ်နှင့် အိုက်တင် လုပ်သည်ဟု ခေါ်ကြသည်။ ရုပ်ရှင်၊ ပြဇာတ်၊ ရေဒီယိုအသံလွှင့်ဇာတ်များတွင် အရုပ်၊ အသံ၊ ဟန်ပန် များဖြင့် ဇာတ်ကွက်သရုပ်ဖော်ခြင်းကို အိုက်တင်လုပ်သည်ဟု ခေါ်ကြသည်။ နိုင်ငံရေးသမားများနှင့် နိုင်ငံ့ခေါင်းဆောင်များသည်လည်း လူထုကို နိုးထစေရန် လိုအပ်ပါက အိုက်တင် လုပ်ကြရသည်။ သို့သော် အိုက်တင်သည် လွယ်သည်တော့မဟုတ်၊ ခက်သည်ဟုပင် ပြောနိုင်ပေသည်။

မေ ၂၇ က အမေရိကန်ပြည်ထောင်စု၏ သမ္မတအိုဘားမားက ပထမဆုံး လက်ရှိသမ္မတ အနေနှင့် ဂျပန်နိုင်ငံ၊ ဟီရိုရှီမားသို့ အလည်သွားပြီး၊ လွန်ခဲ့သော ၇၁ နှစ်က အမေရိကန်၏ အဏုမြူဗုံး ကျဲချမှုကြောင့် ကွယ်လွန်ခဲ့ကြသူများအတွက် လွမ်းသူပန်းခွေချခဲ့သည်။ အမေရိကန်၏ တီထွင်ခဲ့ပြီး သော အဏုမြူဗုံးကို ကျဲရန် နေရာရှာနေရာ ဂျပန်နိုင်ငံ၏ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များသည် စမ်းသပ်ကွင်းများ ဖြစ်သွားတော့သည်။ ဂျပန်များက ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်များ၏ ပုလဲဆိပ်ကမ်းကို ဗုံးကျဲခဲ့သဖြင့် အမေရိကန်က ကမ္ဘာစစ်နှင့်ဆက်စပ်ပြီး လက်တုံ့ပြန်ခြင်းလည်း ဖြစ်သည်။

ဟီရိုရှီးမားတမြို့တည်းတွင်ပင် အမေရိကန်၏ အဏုမြူဗုံးကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးသွားခဲ့သည်။ သမ္မတအိုဘားမားသည် လက်ရှိ အမေရိကန်သမ္မတအနေနှင့် ပထမဆုံး ဟီရိုရှီးမားသို့ လာရောက် လည်ပတ်ခဲ့ခြင်းဖြစ်ပြီး၊ မလာခင်ကတည်းက ယင်းဗုံးကျဲမှုနှင့်ပတ်သက်၍ အမေရိကန်အနေနှင့် မတောင်းပန်ပါဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ တကယ် တမ်းတွင်လည်း အိုဘားမားသည် တောင်းပန်ပါသည်ဟူသော စကားမျိုးကို မပြောခဲ့ပါ။ သို့သော် သမ္မတ၏ ဟန်ပန်အမူအရာသည် အင်မတန်တည်ငြိမ် လေးနက်ပြီး ကွယ်လွန်သွားသူများအား စာနာသော၊ နားလည်သော အသွင်ရှိသည်။ အိုဘားမားသည် အိုက်တင်ကောင်းခဲ့သည်။

အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးတို့က ဟီရိုရှီးမား ငြိမ်းချမ်းရေးပန်းခြံတွင် ကွယ်လွန်သူများအတွက် ရည်စူးသော လွမ်းသူပန်းခွေများ ချအပြီးတွင် မိန့်ခွန်းများအသီးသီး ပြောကြသည်။ ထို့နောက် ယင်းအခမ်းအနားသို့ တက်ရောက်လာသော ဟီရိုရှီးမားကို အမေရိကန် အဏုမြူဗုံးချချိန်က သေကံမရောက် သက်မပျောက်ခဲ့သော ဂျပန်ကြီးတချို့ကို အိုဘာားမားက တွေ့ဆုံနှုတ်ဆက်သည်။ ဂျပန်ကြီးတယောက်ဆိုလျှင် ဝမ်းနည်းငိုကြွေးလိုက်ရာ သမ္မတအိုဘားမားက ၎င်း၏ရင်ခွင်တွင်း ဆွဲယူသွင်းပြီး နှစ်သိမ့်ပေးလိုက်သည်။ အိုဘားမားသည် သရုပ်ဆောင်ကောင်း ခဲ့သည်။ သို့သော် ထိုအိုက်တင်များသည် ခက်ပါသည်၊ လေ့ကျင့်ယူထားရသည်။ လေ့ကျင့်ထားရန် လည်း ပင်ကိုယ်ကလည်း အခံရှိရန် လိုအပ်ပါသည်။

လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းအ တိုက်အခံခေါင်းဆောင်ဘဝက နေပြည်တော်တွင် အမျိုးသားကြီးတဦးက နင်ပဲငဆနှင့် ရန်တွေ့ကာ ဆန္ဒပြကန့်ကွက်ခဲ့ဖူးသည်။ ကားပေါ်တွင် ထိုင်လျှက်လိုက်ပါလာသော ဒေါ်အောင်ဆန်းစုကြည်သည် ကားတံခါးဘောင်တွင် မှေးတင်ရင်း ရီဝေသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့ဖူးသည်။ ယင်းမှာ အိုက်တင် မဟုတ်ပါ၊ တကယ့်ခံစားချက်များ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ၎င်းယုံကြည်ရာ အတိုင်း တိုင်းပြည်နှင့်လူထုအကျိုးရည်ပြီး မည်မျှပင် ကောင်းမွန်ရာကို လုပ်သည်ဖြစ်စေ မကျေနပ်သူ များက ကန့်ကွက်ဆန္ဒပြမည်သာ ဖြစ်သည်။

အိုဘားမားက အိုက်တင်ကောင်းသည်၊ အမေရိကန်သမ္မတ၏ အိုက်တင်သည် ဟီရိုရှီးမားတွင် ဘေးက လိုက်ပါနေသူ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးကိုပင် မျက်နှာကို ရဲသွားစေပြီး အမျိုးချစ်စိတ် ကို ပို၍ပင် ခံစားလိုက်ရစေသည်။ အိုက်တင်တော့ အိုက်တင်၊ သို့တိုင် စိတ်ကောင်းနှလုံးကောင်း အခံရှိ သူ၏ အိုက်တင်မို့ သမ္မတအိုဘားမား ဟီရိုရှီးမားသွားသည့် သတင်းကို ကမ္ဘာ့သတင်းဌာနများ အားလုံး က အကျယ်တဝင့်ဖော်ပြပြီး အင်မတန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်အဖြစ် တင်စားဖော်ကျူးခဲ့ကြ သည်။ အိုဘားမားကိုလည်း ချီးကျူးခဲ့ကြသည်။

မျက်မှောက်မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းနေရသည့် စစ်အစိုးရဟောင်းများ ထားရစ်ခဲ့သော အမှိုက် ပုံ ရှင်းလင်းရေး၊ အခြေခံမှစ၍ အရာအားလုံး ပြုပြင်ပြောင်းလဲရေးနှင့် ကမ္ဘာ့အလယ်တွင် ထိုက်သင့် သောနေရာသို့ မြန်မာပြန်ရောက်ရန် ကြိုးပမ်းအားထုတ်နေရမှုများသည် မလွယ်ရေးချ မလွယ်ပါ။ ဒေါ်အောင်ဆန်းစုကြည်သည် အိုဘားမားလို အိုက်တင်လည်း ကောင်းပုံမရပါ၊

တိုင်းရင်းသားပြည်သူတရပ်လုံးကလည်း အိုဘားမားလို အိုက်တင်မျိုးကို တိုးမည်မထင်ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကောင်းရာမွန်ရာကို တိုင်းပြည်နှင့်လူထုအကျိုးရည်   ဆောင်ရွက်နေသူများကိုမူ ပြည်သူများသည် နှစ်ခြိုက်ခြင်း၊ ထောက်ခံခြင်း၊ အားပေးခြင်းပြုရန် တာဝန်ရှိပါသည်၊ အနိမ့်ဆုံးအနေနှင့် အိုက်တင်လောက်တော့ ကောင်းပြသင့်သည်ဟု မဇ္ဈိမက ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly