ဂျပန်အမျိုးသမီး အသတ်ခံရပြီးနောက် အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတွင် ကာဖျူးမိန့်နှင့် အရက်မသောက်ရအမိန့်ထုတ်ထား

ဂျပန်အမျိုးသမီး အသတ်ခံရပြီးနောက် အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတွင် ကာဖျူးမိန့်နှင့် အရက်မသောက်ရအမိန့်ထုတ်ထား

တိုကျို၊ မေ ၂၈ ။              ။ ဂျပန်အမျိုးသမီးတစ်ဦးအား ရေတပ်သားဟောင်းတစ်ဦးက သတ်သည်ဟု သံသယရှိကာ ဖမ်းဆီးထားပြီးနောက်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတွင် ညလယ်အပြင်မထွက်ရကာဖျူးမိန့်နှင့် အရက်သေစာသောက်စားခြင်း မပြုရအမိန့်များ ထုတ်ပြန်ထားသည်။

အိုကီနာဝါက ပြည်သူများ ပူဆွေးမှုဖြစ်နေချိန်တွင် အမေရိကန်စစ်သားများအနေဖြင့် ပျော်ပါးခြင်း၊ ပါတီပွဲများကျင်းပခြင်းများ လုပ်ဆောင်ရမည်မဟုတ်ကြောင်း စစ်တပ်က ပြောသည်။ ယင်းကန့်သတ်မိန့်အား ဇွန် ၂၄ ရက်အထိ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေ ၁၉ ရက်က ရေတပ်စစ်သားဟောင်းတစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်ရှိ ကန်နက်ရှင်ဇာတိုအား ဂျပန်အမျိုးသမီးသေဆုံးမှုတွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး ယခုအထိ တရားစွဲဆိုစစ်ဆေးရခြင်း မရှိသေးပေ။

အိုကီနာဝါဒေသခံများစွာက အမေရိကန်စစ်အခြေစိုက်စခန်းအပေါ် မကျေမချမ်းဖြစ်ကြကာ တင်းမာမှုများလည်း မြင့်တက်နေသည်။

ဂျပန်တွင် ကျင်းပသည့် ဂျီ-၇ ထိပ်သီးညီလာခံမတိုင်မီ အဆိုပါ ဂျပန်အမျိုးသမီး အသတ်ခံရမှုနှင့် ပတ်သက်ကာ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက သမ္မတအိုဘားမားနှင့် ပြောဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၃၀၀၀၀ နီးပါး တပ်စွဲထားရှိရာ အိုကီနာဝါတွင် စစ်သားများအား ကလပ်များ၊ ဘားဆိုင်များ သွားရောက်ခြင်းကို ပိတ်ပင်ပြီး အရက်သောက်စားခြင်းကိုလည်း ယခုတွင် တားမြစ်ချက်ထုတ်ထားပြီဖြစ်သည်။

ထို့အတူ ပျော်ပွဲရွှင်ပွဲနှင့် ပွဲလမ်းသဘင်များ ကျင်းပခြင်းကိုလည်း ပိတ်ပင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly