ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ သက်တော်စောင့်သုံးဦး အတိုက်အခံ အမတ်များကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် ထောင်တစ်နှစ်စီချမှတ်ခံရ

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ သက်တော်စောင့်သုံးဦး အတိုက်အခံ အမတ်များကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် ထောင်တစ်နှစ်စီချမှတ်ခံရ

မေ ၂၈ ။           ။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ ကိုယ်ရံတော်သုံးဦးအား အောက်တိုဘာလအတွင်းက လွှတ်တော်အဆောက်အအုံအပြင်ဘက်၌ အတိုက်အခံပါတီဝင် အမတ်နှစ်ဦးကို ထိုးကြိတ်ခဲ့မှုဖြင့် မေလ ၂၇ ရက်တွင် တရားရုံးတစ်ခုက ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်သည်။

ဖနွမ်းပင် တရားရုံး တရားသူကြီးက ကနဦးပိုင်းတွင် ၎င်းတို့သုံးဦးအား ထောင်ဒဏ် လေးနှစ်ထိချမှတ်ခဲ့ပြီးမှ တစ်နှစ်အထိ လျှော့ချပေးခဲ့သည်။ အလားတူ တစ်ဦးချင်းစီအားလည်း ဒဏ်ငွေ ကန်ဒေါ်လာ ၂၁,၅၀၀ စီ ပေးဆောင်ရန် ချမှတ်ထားခဲ့သည်။

ယင်း တိုက်ခိုက်မှုဖြစ်ရပ်သည် ယမန်နှစ်က ဖြစ်ပွားခဲ့ပြီး ယင်းအချိန်က အတိုက်အခံပါတီမှ အမတ်နှစ်ဦးနှင့် အစိုးရထောက်ခံသော လူအုပ်တို့ လွှတ်တော်အဆောက်အအုံရှေ့တွင် ထိပ်တိုက်တွေ့ဆုံခဲ့ချိန်တွင် ယခုကဲ့သို့ ဝန်ကြီးချုပ်၏ သက်တော်စောင့်များက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။

လွှတ်တော်အမတ်များအပေါ် ယင်းကဲ့သို့ ထိုးကြိတ်စော်ကားခြင်းက နိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း တရားသူကြီးက ပြောဆိုခဲ့သည်။

ယင်း တိုက်ခိုက်မှုအပေါ်တွင်လည်း အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် ကုလသမဂ္ဂတို့မှလည်း ပြစ်တင်ရှုံ့ချထားခဲ့သည့်အပြင် ယင်းလုပ်ရပ်မှာ နှစ်ပေါင်း ၃၀ ကြာ ဟွန်ဆန်တစ်ဦးတည်းက အာဏာချုပ်ကိုင်ထားခဲ့သော နိုင်ငံတွင် နိုင်ငံရေးအတိုက်အခံများအပေါ် ဖိနှိပ်မှုဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုများက ဝေဖန်ပြောဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly