မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို သုတေသန ပြုလုပ်ပြီး နိုင်ငံတကာ ချပြမည်

မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို သုတေသန ပြုလုပ်ပြီး နိုင်ငံတကာ ချပြမည်

မန္တလေး၊ ဇူလိုင် ၆ ။         ။ မန္တလေးတိုင်း အတွင်းရှိ  မြို့သာစက်မှုဥယျာဉ် မြို့တော် စီမံကိန်းတွင် ပါဝင်သော ကျေးရွာများ၌  လူ့အခွင့်ရေးချိုးဖောက်ခံနေရမှုများကို သုတေသနပြုလုပ်၍ အစီရင်ခံစာရေးကာ နိုင်ငံတကာသို့ ချပြသွားရန်ဆောင်ရွက်နေ သည်ဟု  နိုင်ငံတကာ လူ့အခွင့်ရေးကာကွယ် စောင့်ရှောက်သူများ အဖွဲ့ချုပ်  (International Federation For Human Right (FIDH))  မှ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ နိုင်ငံခြားရေးရာ တာဝန်ခံ ကိုဇာနည်က ပြောသည်။

ကိုဇာနည် က  “အခုလုပ်နေတဲ့စီမံကိန်းက နိုင်ငံတကာအဆင့်မီ စီမံကိန်းကြီးပါ။ ဒါပေမယ့် ဒေသခံ တွေကို ပွင့်လင်းမြင်သာချပြ ခဲ့တာမရှိဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကွင်းဆင်းပြီး စစ်တမ်းတွေ ကောက်နေတယ်။ သုတေသနလုပ်တယ်ပေါ့ဗျာ။ ချိုးဖောက် မှုတွေရှိမရှိက သုတေသနလုပ်ပြီးတာနဲ့ သိရမှာပါ။

အမှန်အကန်ဆုံးဖြစ်အောင်လုပ်ဆောင်နေတယ်။အခက်အခဲတစ်ချို့တော့ရှိတယ်။ “ဟု ပြောသည်။

ထိုသို့သုတေသနပြုစစ်တမ်းကောက်ယူနေခြင်းများအား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ မှစတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ခုနှစ်၊ ဇူလိုင်လကုန်တွင် နိုင်ငံတကာဥပဒေပညာရှင်များ၊ နိုင်ငံတကာ လူ့အခွင့် ရေး ပညာရှင်များနှင့်ပူးပေါင်း၍ အစီရင်ခံစာ အပြီး သတ်ရေးဆွဲ၍ နိုင်ငံတကာ သိရှိအောင် ချပြသွား မည်ဖြစ်သည်။

အဆိုပါစီမံကိန်းအား လုပ်ကိုင်ခွင့်ရသောကုမ္ပဏီနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီမံကိန်း မဆောင်ရွက်မီ စီမံကိန်းနှင့် ပတ်သက်သော ကောင်ကျိုးဆိုးကျိုးများ ကိုရှင်းလင်းပြောကြားခြင်း မရှိ သည့်အပြင် ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိအောင် ဆောင်ရွက်မပေးခြင်းနှင့်  မြေယာများသိမ်းဆည်းခဲ့ရာတွင်လည်း စနစ်ကျသည့်စီမံခန့်ခွဲမှုများ ပြုလုပ်ခဲ့ခြင်း မရှိဟု လည်း ကိုဇာနည် က ဆိုသည်။

အဆိုပါ မြို့သာ စက်မှုဥယျာမြို့တော်စီမံကိန်းအား ၂၀၁၂ခုနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် မန္တလေးမြို့ သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမီတက်(MMID)က လယ်ယာမြေ တစ်သောင်းကျော်သိမ်းယူ၍ အကောင် အထည်ဖေါ်တည်ဆောက်နေပြီး စီမံကိန်း နယ်နိမိတ်တွင် ကျေးရွာပေါင်း  ၁၆ ရွာ  ပါဝင်လျှက်ရှိသည်။

ထိုကျေးရွာများရှိ ဒေသများအားမြေယာလျှော်ကြေးများပေးရာတွင်လည်း မညီမျှသောကြောင့်  အငြင်းပွားမှုများရှိနေပြီး ကျေးရွာ တစ်ချို့မှာ မြေယာလျှော်ကြေးများလုံးဝမယူသေးဘဲ စိုက်ပျိုးမြေ များပြန်လည်ပေးအပ်ရန်နှင့်လျှော်ကြေးများအားလည်း ကာလပေါက်ဈေးဖြင့် ပေးလျှော်ရန် လည်း တောင်းဆိုမှုများပြုလုပ်ထားကြသည်ဟု ဒေသခံများက ဆိုသည်။

စီမံကိန်းမှသိမ်းဆည်းထားသော လယ်ယာမြေများအား ဒေသခံများမှပြန်လည် ဝင်ရောက်စိုက်ပျိုးရာ တွင်လည်း  ဝင်ဆောင်၍ ဝင်ရောက်စိုက်ပျိုးသော ဦးဆောင်သူ ၁၀ ဦးကို ပုဒ်မ ၁၄၇၊ ၁၄၃၊၄၄၇၊၄၂၇ နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသည်ဟု တရားစွဲဆိုခံထားရသူများထဲမှတစ်ဦးဖြစ်သူ သံဗိုကျေးရွာမှ ကိုသန်းစိုး က ပြောသည်။

ကိုသန်းစိုး က  “ကျွန်တော်တို့က  ကိုယ်မြေပေါ်ထွန်ယက်စိုက်ပျိုးတာပါ။ သူတို့ဆီက လျှော်ကြေး ယူထားတာမရှိဘူး။ အမှုကို လည်းရင်ဆိုင်နေတယ်။ စိုက်ပျိုးမှုလည်းဆက်လုပ်သွားမယ်။ ကျွန်တော်တို့ အနေနဲ့တန်ရာတန်ကြေး ရမှ မြေယာလျှော်ကြေး ယူမှာပါ။” ဟု ပြောသည်။

ကုမ္ပဏီမှမြေယာလျှော်ကြေးအား လယ်မြေတစ်ဧက သိန်း ၂၀ ကျပ်နှင့် ယာမြေတစ်ဧက ၅ သိန်းနှုန်းဖြင့် လျှော်ပေးနေသော်လည်း ကျေးရွာအများစုမှာရယူထားခြင်းမရှိသေးဟုလည်း ဒေသခံ အများစုကဆိုသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးရဲမြင့် က တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ငါန်းဇွန် မြို့နယ်ရှိ မြို့သာ စက်မှုဥယျာဉ် တည်ဆောက်ရေး လုပ်ငန်းအား MMID နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် တညီတညွှတ်တည်း အားပေးကူညီမှသာ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိမည်ဖြစ်ပြီး လူမှုစီးပွားဘ၀ အမြန်ဆုံးမြင့်တက် လာမည်ဖြစ်သည်ဟုဆိုသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဝန်ကြီးချုပ်ကဆိုသည်။  

မန္တလေး၊ မြို့သာစက်မှု ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမီတက် (MMID)ဥက္ကဌ ဦးအောင်ဝင်းခိုင် မှလည်း “ဘာအခွင့်အရေး မှချိုးဖောက်ခဲ့တာမရှိဘူး။လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် နေတယ်။  မြေယာလျှော်ကြေးလည်း ၈၆ ရာခိုင်နှုန်းအထိ လျှော်ပေး ပြီးနေပါပြီ၊ ကျန်တဲ့မယူရ သေးတဲ့ သူတွေကိုလည်း ညှိုနှိုင်းဆွေးနွေးမှုတွေခေါ်ယူလုပ်နေပါတယ်”ဟုပြောသည်။

သို့သော်လည်း ကိုဇာနည်၏ ပြောဆိုချက် အရမူ လက်ရှိ အနေအထားရ ဒေသခံများအနေဖြင့် စိုက်ပျိုးမြေနှင့် စားကျက်မြေ များ ပျောက်ဆုံးနေ သောကြောင့် အလုပ်လက်မဲ့များဖြစ်ကာ တစ်ချို့မှာ နေရပ်စွန့်ခွာ၍ သွားရောက်လုပ်ကိုင်နေကြပြီး တရားစွဲ ဆိုဖမ်းဆီးနေခြင်းများ ပြုလုပ်နေခြင်း သည်လည်း လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းတစ်ရပ်ဖြစ်သည်ဟုဆိုသည်။

ဒေသခံတောင်သူများအနေဖြင့် ကာလပေါက်ဈေးဖြင့် မြေယာလျှော်ကြေးပေးရန်နှင့် တရားစွဲဆို ခံထားရသော တောင်များအား အမှုရုပ်သိမ်းပေးရန်အတွက် ဇူလိုင်လ ၁၀ ရက်တွင် မန္တလေး မြို့ပေါ်သို့ သွားရောက်၍ ဆန္ဒဖော်ထုတ်တောင်းဆို သွားမည် ဟု ဒေသခံများကဆိုသည်။

နိုင်ငံတကာလူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူများအဖွဲ့ချုပ်(FIDH)သည် နိုင်ငံပေါင်း ၁၀၀ ကျော်မှ အဖွဲ့ဝင် ၁၇၀ ကျော်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly