ကျိမ်စာသင့်သလိုဖြစ်ရတဲ့ ဖါးကန့်

ကျိမ်စာသင့်သလိုဖြစ်ရတဲ့ ဖါးကန့်

ဖါးကန့်သတင်းတွေကိုတော့ တတိုင်းတပြည်လုံး ကြားလို့မဆုံး အံ့သြလို့မဆုံး ဖြစ်နေကြရတာ ကြာပါပြီ။ မနေ့တနေ့ကပဲ ဖါးကန့်မှာ မြေစာပုံပြိုကျတာ ရေမဆေးကျောက်ရှာဖွေသူ ဆယ်ယောက် ကျော် မြေစာပုံအောက် ရောက်ရတဲ့သတင်း ထပ်ပြီး ကြားခဲ့ကြရသေးတာပဲ။

ဒီရက်ပိုင်းအတွင်းမှာပဲ ဖါးကန့်သတင်းဓါတ်ပုံ နှစ်ခုတွေ့ခဲ့ရပါသေးတယ်။ အင်မတန်မြင့်မား လှတဲ့ မြေစာပုံကြီးရဲ့ခါးလည်နဲ့အောက်ခြေမှာ ရေမဆေးကျောက် ရှာဖွေသူတွေ ပုရွက်ဆိတ်ကလေးတွေလို မြေစာပုံအောက် ဝိုင်းအုံလုယက် ရှာဖွေနေကြတဲ့ပုံနဲ့ ကုမ္ပဏီပိုင်လုပ်ကွက်ထဲက မြေစာပုံရှိရာ ရေမဆေးကျောက် ရှာဖွေသူတွေ အစုအပြုံလိုက် ထောင်သောင်းချီပြီး ပြေးဝင်လာနေကြတဲ့ ဗီဒီယိုက လစ်ကလေးတစ်ခုပါပဲ။ ဒီသတင်းပုံတွေကို အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ် တွေ့လိုက် ကြရတာပါ။ ဒီသတင်းဓါတ်ပုံတွေကြည့်ရတဲ့အခါ ကြည့်ရတဲ့သူတိုင်း ရင်တုန်ပန်းတုံဖြစ်ရပါတယ်။ စိတ်မကောင်းခြင်း ရင်နာရခြင်းများလည်း ဖြစ်ရပါတယ်။ ကိုယ့်နိုင်ငံသားတွေရဲ့ ဒီလို သေမင်းနဲ့ ရင်ဆိုင် ရှာဖွေစားသောက်လုပ်ကိုင်နေကြရတဲ့ဘဝတွေအတွက် ကြေကွဲကြရပါတယ်။

ကချင်ပြည်နယ်ထဲက ဖါးကန့်မြေမှာ ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက် ဥပဒေနဲ့နည်းဥပဒေတွေ ပြဌာန်းပြီးတဲ့အချိန်ကစပြီး စတင်စည်ကားလာခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ရောက်တော့ ကျောက်စိမ်းလုပ် ကွက် အကျယ်အဝန်းက စတုရန်းဧက ၁၇ သိန်းခွဲလောက်ရှိလာခဲ့ပါတယ်။ ဒီနယ်မြေမှာ မှီတင်းလုပ် ကိုင်စားသောက်ဖို့ ဗမာပြည်အနယ်နယ်အရပ်ရပ်က လူဦးရေကလည်း ၂ သိန်းလောက် ရှိနေပြီလို့ လည်း ဆိုပါတယ်။

အဲဒီ ၂၀၀၁ ခုနှစ်ကစပြီး ဖားကန့်ကျောက်စိမ်းမြေမှာ အစိုးရပိုင်ကမ္ပဏီ၊ ပုဂ္ဂလိကပိုင် ကျောက်မျက်ရတာနာ ကုမ္ပဏီကြီးတွေဟာ အင်အားအင်မတန်ကောင်းလှတဲ့မြေတူးစက်ကြီးတွေ၊ မြေသယ် ကားကြီးတွေနဲ့ နေ့နေ့ညည အစွမ်းကုန်တူးဆွကြပါတော့တယ်။ အဲဒီနယ်မြေမှာရှိတဲ့ တောင်တွေဟာ နေ့ချင်းညချင်း ပျောက်ကွယ်သွားရပြီး နာမည်ကျော် ဥရုချောင်းဟာလည်း ရေခမ်းတဲ့အခါခမ်းပြီး ရေကြီးတဲ့အခါ ကြီးပြီး ဒီချောင်းကို အမှီပြုရတဲ့ဒေသခံတွေ ဘေးသင့်ကြရ ပါတယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုတာကလည်း မြင်မကောင်း ကြားမကောင်းဖြစ်လာရ ပါတယ်။ မူးယစ်ဆေးတွေ၊ ဥပဒေကို စိန်ခေါ်တဲ့ဒေသတစ်ခုအသွင်လည်းဆောင်လာခဲ့ပါတယ်။ မနေ့တနေ့ကပဲ ကျေးရွာအုပ်ချုပ်ရေးမှူးအမျိုးသမီးတစ်ဦးကို လက်နက်ကိုင် သုံးဦးက မသေမချင်းပစ် သတ်သွားတဲ့အထိ အခြေအနေဟာ ဆိုးဝါးလာခဲ့ရပါတယ်။

လုပ်ကွင်းလုပ်ကွက်ရကြတဲ့ ကျောက်မျက်ကုမ္ပဏီကြီးတွေဟာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဘယ်လို စည်းမျဉ်းစည်းကမ်းမျိုးတွေနဲ့ သဘောတူစာချုပ်ပြီးမှ လုပ်ခွင့်ရခဲ့ကြတာလဲ။ ဘာပြုလို့ ဒေသခံလူထုရဲ့ဘဝတွေကို လှည့်မကြည့် ငဲ့မကြည့်နိုင်လောက်အောင် ဖြစ်ခဲ့ကြရတာလဲ။ လူတွေ ရာချီတဲ့အထိ သေကြေရသည့်နေရာဖြစ်သည့်တိုင် ဘာ့ကြောင့် တာဝန်ရှိသူတွေက အရေးတကြီး သဘောထား အရေးယူဖြေရှင်းဆောင်ရွက်တာမျိုးတွေ မလုပ်နိုင်သေးတာလဲ။ တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်အကဲခတ်ရလောက်အောင် လူတွေသေကြေနေရတဲ့ဒေသရဲ့ အခြေအနေ ကို ဘာ့ကြောင့် တာဝန်ရှိသူများ စိတ်မဝင်းစားကြတာလဲ။ မြေစာပုံပိလို့သေဆုံးရသူများအတွက် တစ်ယောက်ကို ငွေ ၁ သိန်း၊  စုစုပေါင်း ၁၂ သိန်းလောက် အကုန်အကျခံတဲ့ ဖြှေရှင်းနည်းဟာ မှန်ကန် ထိရောက်တဲ့ မြေရှင်းနည်း ဟုတ်ပါရဲ့လား။ ဒီလို တာဝန်ရှိသူများ အရေးတကြီး အရေးယူ ဖြေရှင်း ဆောင်ရွက်ဖို့အတွက် ဘယ်လိုအခက်အခဲနဲ့ ဘယ်လို အဟန့်အတားတွေ ရှိနေလို့လဲ။

အခုတော့ တနေ့တခြား လချီ နှစ်ချီ ဆိုးဝါးလာနေတဲ့ ရုပ်ဆင်းပျက်လောက်အောင် ဖရိုဖရဲနှင့် ကြေကွဲစရာကောင်းလောက်အောင် အခြေအနေတွေ ရှုတ်ထွေးလာနေတဲ့ ဖါးကန့်မြေမှာ ဒေသခံ ပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီဘ၀ ဒီအခြေအနေတွေကလွတ်မြောက်အောင် လမ်းစရှာ လာနေကြပြီဆိုတဲ့သတင်းတွေ ကြားလာရပါပြီ။ ဒါလည်း သူတို့ဘဝတွေ ဒီတောင်က ကျော်နိုင်ပါ့ မလား။

ဖါးကန့်ဟာ ကျိန်စာသင့်တဲ့နယ်မြေလို့တောင်မှ တင်စားပြောဆိုနေကြတာတွေ ရှိပါတယ်။ ဖါးကန့် ကျောက်စိမ်းမြေ ဒေသခံမိမိတို့ ပြည်သူများ ကျိန်စာမသင့်ရလေအောင် သက်ဆိုင်ရာတာဝန်ရှိ သူများ အမြန်ဆုံးနည်းလမ်းရှာ ဖြေရှင်းပေးကြဖို့ မဇ္ဈိမက တိုက်တွန်းလိုက်ပါတယ်။

Mizzima Weekly