အိုဘားမားပေးတဲ့ သင်ခန်းစာ

အိုဘားမားပေးတဲ့ သင်ခန်းစာ

အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး လူမည်းသမ္မတသည် ဗီယက်နမ်နိုင်ငံသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သွားရောက်လည်ပတ်ခဲ့ပြီး၊ အမေရိကန်က ဗီယက်နမ်အပေါ် အရေးယူ ချမှတ်ထားသော လက်နက်ရောင်းချရေး ပိတ်ဆို့မှုကို ရာခိုင်နှုန်းပြည့် ဖယ်ရှားပေးခဲ့သဖြင့် နှစ်နိုင်ငံကြား အပြည့်အဝ ပုံမှန်ဆက်ဆံရေးသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဗီယက်နမ် ခရီးစဉ်အတွင်းတွင် သမ္မတအိုဘားမားသည် ဒေသ၏ တန်ဖိုးနည်း စားသောက်ဆိုင်ဖြစ်သော ဝက်သားပြုတ်နှင့် ဘီယာရောင်းသည့် ဆိုင်တစ်ဆိုင်သို့ သွားရောက် စားသောက်ခဲ့သည်။

အမေရိကန် သမ္မတတဦးက ဗီယက်နမ်၏ သာမန်စားသောက်ဆိုင် တစ်ဆိုင်သို့ သွားရောက် စားသောက်ပြခြင်းသည် ဗီယက်နမ် လူငယ်တို့၏ ရင်တွင်းသို့ သတင်းစကားတစ်ခု ပါးလိုက်ခြင်းလည်း ဖြစ်သည်။ ခေါင်းဆောင်နှင့် ပြည်သူ အလှမ်းမကွာမှု၊ သီးသန့်မဖြစ်တည်မှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ခေါင်းဆောင်ချင်းကြားသာမက ဗီယက်နမ် လမ်းမပေါ်များအထိ ရောက်ရှိနေနိုင်ကြောင်းကို အိုဘားမားက ပြောလိုက်ခြင်း ဖြစ်သည်။

အမေရိကန် သမ္မတတစ်ဦးက ဗီယက်နမ်၏ သာမန်စားသောက်ဆိုင်ငယ်သို့ သွားရောက်ခြင်းမှာ အမေရိကန်၏ သတင်းစကားနှင့် ပုံရိပ်အတွက် ဖြစ်ပါသည်။ အမေရိကန် ခေါင်းဆောင်တစ်ဦးက အခြားနိုင်ငံတစ်နိုင်ငံသို့ သွားရောက်ခြင်းတွင် လုံခြုံရေးအဆင့် အလွန်မြင့်မားစွာ ယူထားခြင်းကိုကား အလွယ်သိနိုင်ပါသည်။ အမေရိကန်သမ္မတများ အခြားနိုင်ငံသွားလျှင် သမ္မတလုံခြုံရေးကို အထူးဂရုစိုက်ကြသည်။ အချိန်များစွာယူပြီး ကြိုတင်ပြင်ဆင်ထားကြသည်။ ဗြိတိန်နိုင်ငံသို့ သမ္မတအိုဘားမား သွားလည်စဉ်က ဗြိတိန်ဘုရင်မကြီး၏ နန်းတော်တွင် တည်းခိုရာ နန်းတော်မှရေကို မသောက်ဘဲ သမ္မတအိုဘားမားသောက်ရန် အမေရိကန်မှ ယူဆောင်လာခဲ့သည့် ရေကိုသာ သောက်ခဲ့သည်ဟု သတင်းစကားများ ထွက်ပေါ်ခဲ့ဖူးသည်။ ဗီယက်နမ်တွင်တော့ အိုဘားမား ဘီယာသောက်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပြီးတွင် အင်န်အယ်လ်ဒီသည် အပြတ်အသတ် အနိုင်ရရှိခဲ့သဖြင့် အင်န်အယ်လ်ဒီ လွှတ်တော်များနှင့် အင်န်အယ်လ်ဒီအစိုးရများ ပေါ်ပေါက်ခဲ့သည်။ စစ်အာဏာရှင်များ၏ နှစ်ပေါင်း ၅၀ ကျော်ကြာ တိုင်းပြည်ကို မတရားဖိနှိပ် အုပ်ချုပ်မှုအောက်တွင် လူထုနှင့်တသားတည်း ရပ်တည်ရင်ဆိုင်ခဲ့ကြသော ထောင်ကျတန်းကျခံ နိုင်ငံရေး အကျဉ်းသားဟောင်း အင်န်အယ်လ်ဒီများက လွှတ်တော်အမတ်များ၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ်များ ဖြစ်လာကြသည်။

လူထုနှင့်တသားတည်း ဖြစ်ခဲ့ကြသူများက အာဏာရလာသောအခါ ထိုက်တန်သည့် အဆင့်အတန်းများကို ရယူသုံးစွဲရန် မဝံ့မရဲ ဖြစ်နေကြပုံပေါ်သည်။ ရုံးခန်းကျယ်ကြီးများတွင် မနေတတ်သူများ၊ စက်ဘီးစီး ရုံးတက်သူများ၊ ဖက်ထုပ်ထမင်းစားသူများ၊ အိမ်သာတိုက်သူများ စသည်ဖြင့် လူသာမန်တို့ လုပ်သည့်အလုပ်ကို လုပ်ကြသည်တွင် တချို့က ဝေဖန်ကြသည်။ ရာထူး၊ တာဝန်နှင့် ထိုက်သင့်သည့် အခွင့်အရေးများကို ရယူခံစားခွင့် ရှိကြောင်းနှင့် ပြည်သူ့အတွက် တန်ဖိုးရှိလှသော အချိန်များကို အပြည့်အဝအသုံးချရန်သာ လိုအပ်ကြောင်း ဝေဖန်ထောက်ပြခဲ့ ကြသည်။

အင်န်အယ်လ်ဒီ ခေါင်းဆောင်၊ လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် စသည့် မြောက်မြားစွာသော ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ကမူ ပြည်သူ့ကိုယ်စားလှယ်များ လွှတ်တော် မတက်မီတွင် ပြည်သူနှင့်တသားတည်းဖြစ်စေရန် အမှိုက်ကောက်စေခဲ့သည်။ မြန်မာနိုင်ငံ၏ စံပြခေါင်းဆောင်နှင့် ပြည်သူ့ကိုယ်စားလှယ်များပင် အမှိုက်ကောက်ပြသည်ဆိုလျှင် ပြည်သူများသည်လည်း အမှိုက်ကို စည်းကမ်းမဲ့ မစွန့်ပစ်ခြင်း၊ မိမိတို့နေအိမ်မှ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းနှင့် ရပ်ရွာသန့်ရှင်းရေးတွင် မိမိတို့နိုင်သည့် ဘက်မှ စည်းကမ်းနည်းလမ်းနှင့်အညီ ပါဝင်ဆောင်ရွက်ခြင်းတို့ကို လိုက်ပါဆောင်ရွက်သင့်ကြသည်။

ခေါင်းဆောင်နှင့် ပြည်သူသည် အလှမ်းမဝေးရဘဲ နိုင်ငံ့အရေးအရာများသည်လည်း ခေါင်းဆောင်ချင်းကြားသာ ဆောင်ရွက်ရသည် မဟုတ်ဘဲ ခေါင်းဆောင်နှင့် ပြည်သူ၊ ပြည်သူနှင့် ပြည်သူချင်းကြားတွင်လည်း ဆောင်ရွက်အပ်သည်။ ခေါင်းဆောင်ကို ငြိသွားပြီဆိုလျှင် ပြည်သူများသည် ခေါင်းဆောင်၏ မှန်ကန်သော ခေါင်းဆောင်မှုနောက် ကောက်ကောက်ပါအောင် လိုက်ကြပေလိမ့်မည်။ ခေါင်းဆောင်၏ လမ်းကြောင်းမှန်ကို လမ်းပြောင်းပြန် မလုပ်ဘဲ လိုက်ကြရုံသာ ရှိသည်။ အိုဘားမားသည် ဗီယက်နမ်ပြည်သူများ (အထူးသဖြင့် ဗီယက်နမ်လူငယ်များ) ငြိလေအောင် လိုအပ်သော အမေရိကန် နိုင်ငံရေးအကွက် ရွှေ့ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်တွင်လည်း အိုဘားမားထက် မနိမ့်သော အဆင့်အတန်းရှိ ကမ္ဘာ့ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ပြယုဂ်ဟုပင် တင်စားခြင်းခံရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြည်သူအများ ငြိလေအောင် ဆယ်စုနှစ်များနှင့်ချီပြီး ချိတ်ဆက်ထားနိုင်ခဲ့သဖြင့် ရွေးကောက်ပွဲတိုင်းတွင် အပြတ်အသတ် အောင်ပွဲခံခဲ့သည်။ ဗီယက်နမ်တွင် အိုဘားမား လုပ်ဆောင်ပြခဲ့သော နိုင်ငံရေးအကွက်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာကတည်းက မြင်ပြီး သိပြီး သုံးပြီးဖြစ်သည်ဟု မဇ္စ္ဈိမက ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly