"မန်းတွင် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဖွဲ့မည်"

"မန်းတွင် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဖွဲ့မည်"

မန္တလေး၊မေလ ၂၆ ။             ။ မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြဿနာများဖြစ်ပွားလာပါက အလွယ်တကူဖြေရှင်းနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းရန် အစိုးရက စီစဉ်လျက်ရှိသည်။

ယင်းကော်မတီတွင် နိုင်ငံရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝန်ကြီးများပါဝင်မည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

"ဖြစ်လာတဲ့ ပြဿနာတွေကို ပူပေါင်းဖြေရှင်းမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်တော်ဒါကို ဖော်ဆောင်တာပါ။ ဒါကို ဟော့လိုင်းလို့သုံးချင်သုံးပေါ့ဗျာ။ ကျွန်တော်ကတော့ ပူးပေါင်းဆောင်ရွက်ရေးကော်မတီလို့   ခေါ်ပါမယ်။"ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

အဆိုပါကော်မတီတစ်ရပ်ဖွဲ့စည်းပြီးပါက ကြုံတွေ့နေရသည့်အ ခက်အခဲများကို တိုက်ရိုက်တင်ပြဆွေးနွေး၊အဖြေရှာနိုင်သွားမည်ဟု ၎င်းကဆိုသည်။

"သူတို့ဘက်က တင်ပြစရာရှိတင်ပြလို့ရသလို ကျွန်တော်တို့ဘက်က ဖြေရှင်းစရာရှိလည်း ဖြေရှင်းပေးလို့ရတယ်။အခုလိုလုပ်တာဟာ မန္တလေးတိုင်းတစ်တိုင်းအတွက် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး အတွက်ပါ။ ကျွန်တော်တို့တွေ ဘာလုပ်ပေးနိုင်သလဲ။ ကျွန်တော်လုပ်ပေးခွင့်ရှိတဲ့ အချိန်လေးမှာ ကျွန်တော်လုပ်ပေးတာပါ။"ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

အဆိုပါကော်မတီတွင် မန္တလေးတိုင်းအတွင်းရှိ နိုင်ငံရေးအသင်းအဖွဲ့များအားလုံး ပါဝင်ရန်လည်း မေလ ၂၆ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့်   နိုင်ငံရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲ၌လည်း ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly