ဂရိ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နိုင်ငံတကာကြွေးမြီ အာမခံအစီအစဉ်သစ်ကို ငြင်းပယ်

ဂရိ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နိုင်ငံတကာကြွေးမြီ အာမခံအစီအစဉ်သစ်ကို ငြင်းပယ်

နိုင်ငံတကာကြွေးမြီ အာမခံ အစီအစဉ်သစ်အပေါ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရာတွင် ဂရိပြည်သူများက ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချလိုက်သည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နောက်ဆုံးရလဒ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် နိုင်ငံတကာမြီရှင်များက ကမ်းလှမ်းထားသည့် အစီအစဉ်သစ် အကြံပြုချက်များအပေါ် ကန့်ကွက်မဲရလဒ်က ၆၁ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ထောက်ခံမဲမှာ ၃၈ ဒသမ ၇ ရာခိုင်နှုန်းသာရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအာမခံအစီအစဉ်က နိုင်ငံအား ချိုးနှိမ်ဆက်ဆံခြင်းဖြစ်သည်ဟုဆိုကာ အာဏာရ Syriza ပါတီက ကန့်ကွက်မဲပေးရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အတိုက်အခံ ပြိုင်ဖက်များကမူ ယင်းသို့ကန့်ကွက်မှု အတည်ဖြစ်ပါက ဂရိနိုင်ငံသည် ယူရိုဇုန်မှ ထွက်သွားရဖွယ်ရှိကြောင်း သတိပေးသည်။ လက်ရှိတွင် ယူရိုဇုန်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂ ရက်တွင် ကျင်းပရန် ဆင့်ခေါ်ထားပြီဖြစ်သည်။ ဥရောပ စည်းလုံးညီညွတ်မှုနှင့် ဒီမိုကရေစီတို့အတွက် ဂရိနိုင်ငံအနေဖြင့် ပါဝင်လုပ်ဆောင်သွားမည်ဟု သန္ဒိဌာန်ချထားကြောင်း ဂရိဝန်ကြီးချုပ် အယ်လ်လက်ဇီဆီပရက်စ်က ဇူလိုင် ၅ ရက် နှောင်းပိုင်းက ပြောထားသည်။ "မနက်ဖြန်မှာ ဂရိနိုင်ငံအနေနဲ့ စေ့စပ်ဆွေးနွေးရေး အစည်းအဝေးပွဲဆီ ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။ တိုင်းပြည်ဘဏ္ဍာရေးတည်ငြိမ်စေရေးက ကျွန်တော်တို့ရဲ့ ပထမဦးစားပေးပဲဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ်က ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly