ရေတံခွန်တောင် လယ်သမားအရေးလှုပ်ရှားသူ ဦးမျိုးဝင်း အမှုမှ တရားရှင်လွတ်ပြီ

ရေတံခွန်တောင် လယ်သမားအရေးလှုပ်ရှားသူ ဦးမျိုးဝင်း အမှုမှ တရားရှင်လွတ်ပြီ
ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ
 

မန္တလေး၊ မေ ၂၆ ။              ။ ရေတံခွန်တောင်ဂေါက်ကွင်းဆောက်ရန် လယ်သိမ်းခံရ၍ ထွန်တုံးတိုက်ပွဲဝင်သူများ တရားစွဲခံရမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ကိုမျိုးဝင်းကို ပုဒ်မ ၆၁ ဖြင့် စွဲဆိုထားခဲ့သည့်အမှုမှာ အမှုမမြောက်ဟု တရားသူကြီးက အမိန့်ချကာ အမှုကို ပိတ်သိမ်းပေးလိုက်ပြီဖြစ်သည်။

"ဒီနေ့မြန်မာနိုင်ငံရဲ့တရားစီရင်ရေးကို တကယ်ကိုအားရကျေနပ်တယ်။ အခုက စစ်မှုထမ်းဟောင်းကစွဲဆိုတဲ့ ပုဒ်မ ၆၁ ကို တရားသူကြီးရဲ့ သုံးသပ်မှုအရ စွဲချက်မတင်သင့်ဘူး မမြောက်ပါဘူးဆိုပြီး တရားရှင်လွှတ်ပေးလိုက်တာဟာ တရားစီရင်ရေးသည် အမှန်တရားဘက်ကို ဦးတည်လာပြီ ပြည်သူ့ဘက်ကို မျက်နှာမူလာပြီ ဆိုတာ ဒီနေ့တရားခွင်မှာတွေ့လိုက်ရပါတယ်။" ဟု ဦးမျိုးဝင်းက ပြောသည်။

စစ်မှုထမ်းဟောင်းအဖွဲ့က ဦးမျိုးဝင်းကို စွဲဆိုထားသည့်အမှုကို မေလ ၂၆ရက် ရုံးချိန်းတွင် အမိန့်ချကာ တရားရှင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းကို ၂၀၁၅ခုနှစ် ဇွန်လက ပြုလုပ်သည့် တောင်သူလယ်သမားများ၏ ထွန်တုံးတိုက်ပွဲတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အိုးဘိုထောင်တွင် ၁၀လကြာ အချုပ်ကျနေခြင်းဖြစ်သည်။

လက်ရှိတွင် အိုးဘိုထောင်တွင်း၌ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်တို့ ရှိနေသေးပြီး ၎င်းတို့ကိုလည်း အမြန်ဆုံးလွှတ်ပေးရန် ဦးမျိုးဝင်းက တောင်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly