ရွှေ့ပြောင်းများ တင်ဆောင်လာသော သင်္ဘော မြေထဲပင်လယ်တွင် တိမ်းမှောက်၊ ငါးဦး သေဆုံး

ရွှေ့ပြောင်းများ တင်ဆောင်လာသော သင်္ဘော မြေထဲပင်လယ်တွင် တိမ်းမှောက်၊ ငါးဦး သေဆုံး

မေ ၂၆ ။                ။ အရှေ့အလယ်ပိုင်းဒေသမှ ထွက်ပြေးလာသည့်  ရွှေ့ပြောင်းနေထိုင်သူ ရာပေါင်းများစွာကို မတန်တဆ တင်ဆောင်လာသော သင်္ဘောတစ်စီး မေလ ၂၅ ရက်က လစ်ဗျားကမ်းရိုးတန်းအပြင်ဘက် မြေထဲပင်လယ်၌ တိမ်းမှောက်ခဲ့ရာ ငါးဦးသေဆုံးပြီး လူပေါင်း ငါးရာကျော်ကို ကယ်တင်ခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီတလီရေတပ်သင်္ဘောတစ်စီးက အခင်းဖြစ်ပွားရာသို့ ကယ်တင်ရန် ချဉ်းကပ်သွားရာတွင် သင်္ဘောမှာ စတင်တိမ်းမှောက်နေလျက်ရှိပြီး လူများသွေးပျက်ခြောက်ခြားဖွယ် ကူးခတ်နေပုံများကို   တွေ့ရှိရသည်။

သတ်မှတ်အလေးချိန်ထက် ကျော်လွန်တင်ဆောင်လာသော အဆိုပါ အပြာရောင် ငါးဖမ်းသင်္ဘောတိမ်းမှောက်ချိန်တွင် လိုက်ပါလာသူများမှာ အသက်ရှင်ရေးအတွက် ကြောက်လန့်တကြား ကူးခတ်နေမှုများကို အီတလီသဘောၤသားများ ရိုက်ကူးထားသည့် ပုံများတွင် တွေ့မြင်နိုင်သည်။

ယင်းပုံများအရ တိမ်းစောင်းနေပြီဖြစ်သော သဘောၤလက်ရန်းများကို အသေ ဖက်တွယ်ထားသူများနှင့် တစ်ဦးနှင့်တစ်ဦး ဖက်ထားကြသည်တို့ကို မြင်တွေ့ရသည်။

ယင်းနောက် ၎င်းတို့အတွက်  အသက်ကယ်အကျီများ နဲ့ ဗောကွင်းများ ပစ်ချပေးခဲ့ရကာ အလျင်အမြန်ကယ်ဆယ်ခဲ့သော်လည်း စုစုပေါင်း ၅၆၂ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ငါးဦးသေဆုံးသွားခဲ့ကြောင်း အီတလီ ရေတပ်က ပြောသည်။

ယခုဖြစ်စဉ်တွင် ကယ်ဆယ်ရေးသမားများမှာ ရော်ဘာလှေများကို အသုံးပြု ကယ်တင်ခဲ့ရပြီး နောက်ထပ် ရဟတ်ယာဉ်တစ်စီးနှင့် ရေတပ်သဘောၤတစ်စီးတို့လည်း ထပ်မံရောက်ရှိလာကာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ဆီးရီးယားအပါအဝင် အရှေ့အလယ်ပိုင်းဒေသတွင် ဂိုဏ်းဂဏ တိုက်ပွဲများကြောင့် ထွက်ပြေးလာကြရသူ ထောင်ပေါင်းများစွာတို့သည် ယခုကဲ့သို့ ရေလမ်းခရီးမှ ဥရောပဒေသဆိပ်ကမ်းများဆီသို့ စွန့်စားလာရောက်ရာတွင် မကြာခဏဆိုသလို သင်္ဘောတိမ်းမှောက်မှုဖြစ်စဉ်များအတွင်း လူပေါင်းများစွာ သေဆုံးထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly