တာလီဘန်ခေါင်းဆောင်သစ် အပြောင်းအလဲက အိုဘားမား၏ အာဖဂန် ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို မှေးမှိန်သွားစေဟု ဆို

တာလီဘန်ခေါင်းဆောင်သစ် အပြောင်းအလဲက အိုဘားမား၏ အာဖဂန် ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို မှေးမှိန်သွားစေဟု ဆို

မေ ၂၆ ။               ။ မေလ ၂၅ ရက်က အာဖဂန် နစ္စတန် ရှိ တာလီဘန်အဖွဲ့က တရားသေဝါဒီ ဘာသာရေးခေါင်းဆောင်တစ်ဦးကို ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်ခြင်းက တာဝန်မှ အနားမယူမီ ယင်းနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လမ်းဖွင့်သွားလိုသည့် သမ္မတ အိုဘားမား၏ မျှော်လင့်ချက်များကို ကွယ်ပျောက်သွားစေခဲ့ကြောင်း အမေရိကန် အကြီးတန်းအရာရှိများက သုံးသပ်ပြောကြားသည်။

အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် ယခင် တာလီဘန် ခေါင်းဆောင် မူလက်ရှ် အက်ခါ မန်ဆော် နေရာတွင် ခေါင်းဆောင်သစ်အဖြစ် မူလက်ရှ် ဟိုင်ဘတ်တူလက်ရှ် အက်ခန်ဇာဒါ အား ခန့်အပ်လိုက်ကြောင်း ယမန်နေ့က တာလီဘန်ခေါင်းဆောင်သစ် ရွေးချယ်ရေးကောင်စီက ဆုံးဖြတ်လိုက်သည်။

ယခင် တာလီဘန်ခေါင်းဆောင် မန်ဆော်မှာ အာဖဂန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အဓိက တားဆီးနေသူအဖြစ် အမေရိကန်တို့၏ ရူမြင်ခံထားရသူဖြစ်ကာ ယခုကဲ့သို့ ၎င်း ကျဆုံးသွားခြင်းက တာလီဘန်အဖွဲ့နှင့် အာဖဂန် သမ္မတ အာရှ်ရက်ဖ် ဂါနီ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် အတားအဆီးတစ်ခုကို ဖယ်ရှားလိုက်နိုင်ခြင်းဟု အချို့က  သုံးသပ်ပြောကြားသည်။

သို့ရာတွင်လည်း ယခုလက်ရှိ ခေါင်းဆောင်သစ်ဖြစ်လာသူ ရှေးရိုးစွဲ အစ္စလမ္မစ် ပညာတတ်ပုဂ္ဂိုလ် အက်ခန်ဇာဒါမှာလည်း ငြိမ်းချမ်းရေးနည်းထက် ရန်လိုသော တိုက်ခိုက်မှုများဘက်ကိုသာ ပိုမိုအားသန်လိမ့်မည်ဖြစ်ကြောင်း ပညာရှင်အချို့က ပြောကြားကြသည်။ ယင်းအတွက်ကြောင့် အာဖဂန်ရှိ အမေရိကန် တပ်ဖွဲ့များကို အချိုးကျအတိုင်းပြန်လည် ခေါ်ယူမည့် မူလအစီအစဉ်အား အိုဘားမားအနေဖြင့် ပြန်လည်သုံးသပ်ရတော့မည်ဖြစ်သည်။ ယင်းအပြင် အမေရိက၏ အရှည်ကြာဆုံးသော စစ်ပွဲများ မည်ကဲ့သို့ အဆုံးသတ်ရမည်နှင့်ပတ်သက်၍ ခေါင်းခဲရတော့မည်ဖြစ်သည်။

" အာဖဂန် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့အလားအလာတွေက မှေးမှိန်နေဆဲပါ၊ ခုချိန်မှာ ခေါင်းဆောင်အပြောင်းအလဲဖြစ်ခဲ့တဲ့ တာလီဘန်အုပ်စုကလည်း တိုက်ခိုက်ပြီးအောင်ပွဲယူမယ်ဆိုတဲ့ နည်းအပေါ်မှာပဲ ဆက်လက်ယုံကြည်နေဦးမှာဖြစ်ပါတယ်" ဟု စီအိုင်အေ အရာရှိဟောင်းတစ်ဦးဖြစ်သူ ဘရုပ် ရီဒယ်က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly