မြောက်ကိုရီးယားနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

မြောက်ကိုရီးယားနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

မေ ၂၆ ။             ။ နျူကလီးယား စမ်းသပ်မှုများလုပ်ဆောင်နေသည့် ရန်လိုသော မြောက်ကိုရီးယား နှင့် ဆွေးနွေးပွဲများ ပြန်လည်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မေလ ၂၆ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ကုလအကြီးအကဲအနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သော ခရီးစဉ်တွင် ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းမှာ မကြာမီ မိခင်နိုင်ငံတွင် သမ္မတဖြစ်လာနိုင်ရေး ရည်မှန်းချက်ကြောင့်ပင်လားဟူသည့် ထင်ကြေးများလည်း ထွက်ပေါ်လာခဲ့သည်ဟု သိရသည်။

" တောင်-မြောက် ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ဖို့ ကျွန်တော်တို့ လမ်းကြောင်းတွေ ပြန်ရှာရပါလိမ့်မယ်" ဟု Jeju ကျွန်းတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဖိုရမ်တစ်ခု၌ မစ္စတာ ဘန်ကီမွန်းက ပြောကြားသွားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက လေးကြိမ်မြောက် နျူစမ်းသပ်မှုတစ်ခုကို ပြုံးယမ်းအစိုးရက လုပ်ဆောင်ထားပြီးချိန်ကတည်းက တောင်-မြောက် နှစ်နိုင်ငံအကြား တင်းမာမှုများ အရှိန်မြင့်လာခဲ့သည်။

အလားတူ မကြာသေးသည့် ရက်သတ္တပတ်များအတွင်းက လက်ရှိ တင်းမာမှုများကို ပြေလျော့စေရေး ရည်ရွယ်သည့် စစ်ဘက် ဆွေးနွေးမှုများ လုပ်ဆောင်ရန် မြောက်ကိုရီးယားဘက်က ထပ်တလဲလဲ အဆိုပြုခဲ့သော်လည်း တောင်ကိုရီးယားအစိုးရက ပယ်ချထားခဲ့သည်။ ပြုံးယမ်းအစိုးရ၏ ကမ်းလှမ်းချက်မှာ ရိုးဖြောင့်ခြင်းမရှိဟု ဆိုကာ တောင်ကိုရီးယားအစိုးရက  ပယ်ချထားခဲ့သည်။

" ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာနေတာက အရှေ့မြောက် အာရှ ဒေသ မှာ လောင်းရိပ်ကျနေသလိုပါပဲ၊ ကျွန်တော်အနေနဲ့ကတော့ ရှေ့ဆက်ပြီး ကြိုးပမ်းသွားချင်ပါတယ်၊ ပြုံယမ်းအစိုးရနဲ့ ဆွေးနွေးမှု လမ်းကြောင်းပေါ်ကနေပဲ ဆက်သွားချင်ပါတယ်" ဟု ကုလအကြီးအကဲက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly