တရုတ်နှင့် ထိုင်းနိုင်ငံတို့ စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန် သဘောတူ

တရုတ်နှင့် ထိုင်းနိုင်ငံတို့ စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန် သဘောတူ

ဘန်ကောက်၊ မေ ၂၆ ။             ။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် စစ်ရေးနှင့် လုံခြုံရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန်အတွက် သဘောတူညီထားကြောင်း ထိုင်းနိုင်ငံ စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

လာအိုနိုင်ငံ ဗီယက်ကျန်းမြို့တော်တွင် ကျင်းပသည့် ၁၀ ကြိမ်မြောက်အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ပြင်ပန်းတွင် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဝတ်ဝေါင်ဆူဝန်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီဝင် ဗိုလ်ချုပ်ကြီး ချန်ဝန်ကျင်တို့ မေ ၂၆ ရက်က တွေ့ဆုံမှုတွင် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ကောင်ချိတန်ထရာဝန်နစ်က ပြောသည်။

စစ်ရေးပူးပေါင်းဆောင်ရွက်မှု ကျယ်ပြန်သည့် အခန်းစဉ်ကို ဆွေးနွေးရန်အတွက် အာဆီယံ ဆယ်နိုင်ငံအဖွဲ့ဝင်များ၏ ဖိတ်ကြားချက်ကြောင့် တရုတ်ကာကွယ်ရေးဝန်ကြီးက ယခုအစည်းအဝေးသို့ တက်ရောက်လာခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါ အစည်းအဝေးကို မေ ၂၄ ရက်က စတင်ကျင်းပခြင်းဖြစ်ကာ ယနေ့ မေ ၂၆ ရက်တွင် ပြီးစီးမည်ဖြစ်သည်။

စစ်ရေးလေ့ကျင်မှုများ၊ ပညာရေး၊ နည်းပညာဖွံ့ဖြိုးမှုနှင့် စစ်တပ်အရာရှိများကြား အတွေ့အကြုံအသိအမြင်ဖလှယ်ခြင်းများစသည့် ပူးပေါင်းဆောင်ရွက်မှုများအား နှစ်ဖက်ခေါင်းဆောင်နှစ်ဦး ဆွေးနွေး ခဲ့ကြောင်း ကောင်ချိက ပြောသည်။

ထိုပြင် ထိုင်းနိုင်ငံသည် လာအိုနိုင်ငံနှင့် နှစ်နိုင်ငံစီးပွားရေးနှင့် လုံခြုံရေးအပေါ်တွင် ရိုက်ခတ်မှုရှိသည့် ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးပြဿနာများအား ဖြေရှင်းရေးကိုလည်း သဘောတူညီခဲ့ကြာသည်။

မေ ၂၅ ရက်တွင် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းတော်ဝင်တပ်မတော် ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆွမ်မိုင်ခိုတီရာတို့ တွေ့ဆုံကာ နှစ်နိုင်ငံကြား ကာကွယ်ရေးဆက်ဆံမှု ခိုင်မာအားကောင်းရေး ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly